MNL ပွဲစဉ် (၂) တွင် ရတနာပုံနှင့် ရှမ်းယူနိုက်တက် တွေ့ဆုံ

၁၇ ဇန်နဝါရီ

 

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂) ကို ဇန်နဝါရီ ၁၉၊ ၂၀ ရက်များတွင် ဆက်လက် ကျင်းပမည်ဖြစ်ပြီး အသင်းကြီးများဖြစ်သည့် ရတနာပုံနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။

 

ပွဲစဉ် (၂) အဖြစ် ဇန်နဝါရီ ၁၉ ရက်တွင် ဗထူးကွင်း၌ ရတနာပုံအသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ ဝေသာလီကွင်း၌ ရခိုင်အသင်းနှင့် ဒဂုံအသင်း၊ သုဝဏ္ဏကွင်း၌ ဇွဲကပင်အသင်းနှင့် Southern အသင်း၊ ဇန်နဝါရီ ၂၀ ရက်တွင် သုဝဏ္ဏကွင်း၌ မကွေးအသင်းနှင့် ဧရာဝတီအသင်း၊ မုံရွာကွင်း၌ စစ်ကိုင်းယူနိုက်တက်အသင်းနှင့် ဟံသာဝတီအသင်း၊ YUSC ကွင်း၌ ရန်ကုန်အသင်းနှင့် Chinland အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

 

ပွဲစဉ် (၁) တွင် လက်ရှိချန်ပီယံ ရန်ကုန်၊ တန်းတက်ဒဂုံနှင့် Southern အသင်းတို့သာ အနိုင်ရခဲ့ပြီး ရှမ်း၊ စစ်ကိုင်း၊ ဧရာဝတီ၊ ရတနာပုံ၊ ရခိုင်နှင့် မကွေးအသင်းတို့  တစ်မှတ်စီရထားကာ ဇွဲကပင်၊ Chinland နှင့် ဟံသာဝတီအသင်းတို့ ရှုံးပွဲကြုံတွေ့ခဲ့သည်။ ပထမအကျော့ပွဲအားလုံး အဝေးကွင်းကစားရမည့် ရှမ်းယူနိုက်တက်အသင်းသည် ရတနာပုံနှင့် ပွဲကျပ်ကစားရခြင်းဖြစ်ပြီး ပထမပွဲတွင်လည်း သရေကျထားသောကြောင့် ရုန်းကန်ရဖွယ်ရှိနေသည်။ ချန်ပီယံဆုလေးကြိမ်ရထားသည့် ရတနာပုံ အသင်းမှာလည်း ယခုနှစ်တွင် ပြည်တွင်းကစားသမားများဖြင့် ယှဉ်ပြိုင်နေပြီး ပွဲစဉ် (၁) တွင် ဧရာဝတီအသင်းကို အိမ်ကွင်း၌ သရေသာကစားနိုင်ခဲ့သည်။ ထို့ကြောင့် ရတနာပုံနှင့် ရှမ်းအသင်းတို့ ပထမဆုံးနိုင်ပွဲရရန် ကြိုးပမ်းမည်ဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းက နှစ်ရာသီဆက်တိုက် အဝေးကွင်း၌ အနိုင်ရထားသည်။ လက်ရှိချန်ပီယံ ရန်ကုန်အသင်းမှာမူ အိမ်ကွင်း၌ ကစားရမည်ဖြစ်သောကြောင့် နိုင်ပွဲဆက်ဖွယ်ရှိနေပြီး အဖွင့်ပွဲတွင် ဇွဲကပင်ကို အနိုင်ကစားခဲ့သည့် တန်းတက်ဒဂုံအသင်းမှာမူ ရခိုင်နှင့် အဝေးကွင်း ကစားရမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-စိုးညွန့်