မန္တလေးမြို့တွင် အလုပ်အကိုင်အခွင့်အလမ်းပြပွဲကျင်းပ

မန္တလေး ၂၂ ဒီဇင်ဘာ

 

မန္တလေးတိုင်းဒေသကြီးအလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း(IOM) တို့ ကြီးမှူးကျင်းပသော အလုပ်အကိုင်အခွင့်အလမ်း(Job Fair) ပြပွဲကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

 

အခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ မန္တလေးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အေးမွန်စိုးနှင့် ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း(IOM) မှ စီမံကိန်းတာဝန်ခံ ဒေါ်နီနီလှိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က အမှာစကားပြောကြားပြီး ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း(IOM) မှ စီမံကိန်းတာဝန်ခံ ဒေါ်နီနီလှိုင်က အလုပ်အကိုင်အခွင့်အလမ်းပြပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း(IOM) နှင့် တွဲလက်အစီအစဉ်မှ သင်တန်းသူ  မခင်ဝိုင်းဝိုင်းမိုးက လုပ်ငန်းအတွေ့အကြုံများအား မျှဝေရှင်းလင်းပြောကြားသည်။ ၎င်းနောက် ဝန်ကြီးနှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုသည်။

 

အဆိုပါပြပွဲကို ကုမ္ပဏီပေါင်း (၃၇) ခုမှ ပြခန်းပေါင်း (၃၇)ခန်း ခင်းကျင်းပြသထားပြီး နံနက် ၉ နာရီ မှ ညနေ ၄ နာရီထိ ခင်းကျင်းပြသသွားမည်ဖြစ်သည်။အလုပ်အကိုင်ရှာဖွေလိုသူများနှင့် အလုပ်သမားလိုအပ်လျက်ရှိသော အလုပ်ရှင်များအတွက် တစ်နေရာတည်းတွင် One Stop Service အလုပ်အကိုင်ရရှိနိုင်သည့် ပြပွဲဖြစ်သည်။

 

ပြပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း(IOM) နှင့် တွဲလက်အစီအစဉ်မှ အလုပ်အကိုင်ဆိုင်ရာ သင်တန်းများမှ သင်တန်းသား/သင်တန်းသူများ၊ ပြပွဲတွင် ပါဝင်သည့်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပအလုပ်အကိုင်အေဂျင်စီများ၊ ဖိတ်ကြားထားသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)