မန္တလေးရတနာမောလ် အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့် လက်ဝတ်ရတနာအချောထည်ပြပွဲသို့ ကွမ်တုံးပြည်နယ်မှ ကျောက်စိမ်း၊ ကျောက်မျက်ရတနာအသင်း ဒုတိယဥက္ကဋ္ဌ လာရောက်လေ့လာ

မန္တလေး  ၁၉  ဇန်နဝါရီ 

 

မန္တလေးမြို့တွင်ကျင်းပနေသည့် မန္တလေးရတနာ မောလ်အပြည်ပြည်ဆိုင်ရာကျောက်မျက်နှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်တုံးပြည်နယ်မှ ကျောက်စိမ်း၊ ကျောက်မျက်ရတနာအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာလီကျူ(စ်)ဝေ လာရောက်လေ့လာသည်။

 

မစ္စတာလီကျူ(စ်)ဝေက အမျိုးအစားစုံလင်စွာ ပြသထားသည့် မြန်မာ့ကျောက်စိမ်း၊ ကျောက်မျက်ရတနာများကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကျောက်စိမ်းများမှာ အရည်အသွေး မြင့်မားသော်လည်း လက်ရာပိုင်းတွင် ကြိုးစားရန် လိုအပ်နေပါကြောင်း၊ မြန်မာ့ကျောက်မျက်လုပ်ငန်း ယခုထက်တိုးတက်လာမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

 

အဆိုပါပြပွဲသို့ ပြည်တွင်းပြည်ပမှ ရတနာကုန်သည် တစ်သောင်း ဖိတ်ကြားထားသည့်အနက် ပြပွဲပထမနေ့၌ ရှစ်ထောင်ကျော် လာရောက်လေ့လာဝယ်ယူခဲ့ပြီး ပြပွဲနောက်ဆုံးရက် အထိ ၅ ရက်တာကာလအတွင်း ရတနာကုန်သည် တစ်သောင်းကျော် လာရောက်လေ့လာ ဝယ်ယူခဲ့ကြောင်း မန္တလေးရတနာမောလ် ကျောက်မျက်ရတနာလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက် ရေး ကော်မတီအတွင်းရေးမှူး ဦးသိန်းဝင်းက ပြောသည်။

 

ညပိုင်းတွင် ပိတ်ပွဲအခမ်းအနားကိုကျင်းပရာ ပြပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြသူများကို မှတ်တမ်းတင် ဂုဏ်ပြုလွှာများပေးအပ်ပြီး လက်ဝတ် ရတနာ အချောထည်ပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုများပေးအပ်သည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)

 

 ဓာတ်ပုံ- အောင်ဖြိုးကျော်

 

DSC_68