မူဆယ်မြို့၌ ဒုတိယအကြိမ် မျက်စိအတွင်းတိမ်၊ အပြင်တိမ် မျက်စိဝေဒနာရှင်များကို အခမဲ့စမ်းသပ်ကုသ 

မူဆယ်  ၁၅  ဇန်နဝါရီ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ မြန်မာ-တရုတ် ဝင်/ထွက်ပေါက် နန်းတော်ဂိတ်ရှေ့ (ရွှေနန်းတော်ဝန်း)၌ ယနေ့ နံနက် ၈ နာရီက မျက်စိအတွင်းတိမ်၊ အပြင်တိမ် မျက်စိဝေဒနာရှင်များအား (အခမဲ့) စမ်းသပ်စစ်ဆေး ကုသပေးခဲ့ကြောင်း သိရသည်။

 

mdn

 

“ဒီအစီအစဉ်ကို မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းနှင့် ပူးပေါင်းပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်၊ မျက်စိတိမ်ဖြစ်သူတွေက မျက်စိမကွယ်သင့်ဘဲ ကွယ်သွားရတယ်၊ ဒါကြောင့်မို့ မျက်စိတိမ်ရောဂါရှိသူကို ကုသပေးခြင်းဖြစ်ပြီး ဒီလိုစမ်းသပ် ကုသပေးတာဟာ ဒါနဲ့ဆိုရင် နှစ်ကြိမ်မြောက် ဖြစ်ပါတယ်၊ ရလဒ်က ကောင်းတဲ့အတွက် ဒီနှစ်ထပ်မံ ပြုလုပ်ဖြစ်ပါတယ်၊ နောင်နှစ်တွေမှာ ဆက်လက်လုပ်ဆောင်နိုင်ဖို့ ကျွန်မတို့အနေနဲ့ ကြိုးစားသွားမှာပါ’’ ဟု မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း နာယက ဒေါ်စစ်စိန်က ပြောသည်။

 

ထိုသို့ စမ်းသပ်ကုသရာတွင် ရွှေလီမြို့ ပြည်သူ့ဆေးရုံးမှ ဆရာဝန်ကြီး ဒုတိယဌာမှူး မစ္စတာရန်ဟုန်၊ သူနာပြုတာဝန်ခံ မစ္စတာ ဝမ်ချန်နှင့် သူ့နာပြုဆရာဝန် မစ္စတာ ရေ့ကျန်ဟုန်တို့က လာရောက်စမ်းသပ်မှု ပြုလုပ်ပေးခြင်းဖြစ်ပြီး မျက်စိအတွင်းတိမ်၊ အပြင်တိမ်ဖြစ်သည့် မျက်စိဝေဒနာရှင်များကို တရုတ်နိုင်ငံ ရွှေလီမြို့သို့ ဆက်လက်ပို့ဆောင် ကုသ(အခမဲ့)ပေးမည်ဖြစ်သည်။

 

mdn

 

“ဒီအလင်းပြ စီမံကိန်းက အဓိကတော့ မျက်စိတိမ်ရောဂါကုသဖို့ မတတ်နိုင်သူတွေကို သူတို့က ကုသိုလ်ပြုလုပ်ပြီး ကုသပေးတယ်ဆိုတော့ ကျွန်တော်တို့က ကြိုဆိုပါတယ်၊  ၂၀၁၈ ခုနှစ် မတ်လ ပထမအကြိမ်တုန်းက လာရောက်စမ်းသပ်သူ ၁၈၀ ဦး ခန့်ရှိပြီး၊ တရုတ်ပြည်ကို သွားရောက်ခွဲစိတ်တဲ့ ၆၂ ဦးဟာ ယခုဆိုရင် အမြင်တွေ မူလထက် ကောင်းမွန်လာတာ တွေ့ရပါတယ်’’ ဟု  မြန်မာနိုင်ငံ ဆရာဝန်များအသင်း (MMA-Muse) အတွင်းရေးမှူး ဒေါက်တာမိုးကျော်နိုင်က  ပြောသည်။

 

အဆိုပါ စမ်းသပ်ကုသမှု အစီအစဉ်တွင် နမ့်ခမ်းမြို့နယ်၊ မူဆယ်(၁၀၅)ကျေးရွာ၊ မုံးပေါ်ကျေးရွာနှင့် မူဆယ်မြို့ပေါ်ရှိ မျက်စိဝေဒနာရှင် (၁၈၅)ဦး လာရောက်စမ်းသပ်ကြရာ မျက်စိတိမ်ရောဂါရှိသူ (၄၀)ဦးအနက် (၃၀)ဦးခန့် ခွဲစိတ်ရန်လိုအပ်ကြောင်း သိရသည်။

 

mdn

 

အဆိုပါ မျက်စိဝေဒနာ ရှင်များအား (အခမဲ့) စမ်းသပ်စစ်ဆေးခြင်းကို မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (မြန်မာရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအသင်း)နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ  တယ်ဟုန်ပြည်နယ်ခွဲအစိုးရတို့ ပူးပေါင်း၍ အလင်းပြစီမံကိန်း အစီအစဉ်ဖြင့် ကုသပေးခြင်း ဖြစ်သည်။

 

ဆိုင်ဖြူ(မူဆယ်)