နိုင်ငံတကာ လျှပ်စစ်ဆိုင်ရာ လုပ်ငန်းကြီးကြပ်မှုကော်မရှင်များ အောင်မြင်အဆင်ပြေအောင် မည်သို့လုပ်ခဲ့ကြသနည်း

ဦးကြည်သာ-ဂွ

ပထမအကြိမ် လွှတ်တော်သက်တမ်းကာလမှာ ၂၀၁၄ ခုနှစ်၊ ဥပဒေအမှတ် (၄၄)၊ လျှပ်စစ်ဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။ အခန်း (၁) အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက် ပုဒ်မ ၂ (သ) မှာ ကော်မရှင်ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော လျှပ်စစ်ဆိုင်ရာ လုပ်ငန်းကြီးကြပ်မှု ကော်မရှင်ကို ဆိုလိုသည်ဟု ဖော်ပြထားပါတယ်။ ကော်မရှင်ဖွဲ့စည်းခြင်းနှင့် ကော်မရှင်၏ လုပ်ငန်းတာဝန်များကို အခန်း (၃)၊ ပုဒ်မ ၄၊ ၅ နှင့် ၆ တို့မှာ ဖော်ပြထားပါတယ်။

တကယ်တော့ လျှပ်စစ်ဆိုင်ရာ လုပ်ငန်းကော်မရှင်ဆိုတာ “ Electricity Regulatory Commission” ကို ဆိုလိုတာပါ။ ၂၀၁၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ Regulation ကို စည်းမျဉ်းလို့ ရေးထားတာမို့ ကော်မရှင်ကို လျှပ်စစ်လုပ်ငန်းဆိုင်ရာ စည်းမျဉ်းဥပဒေ ကော်မရှင်လို့ခေါ်တာက ပိုမိုကောင်းမလားလို့တောင် တွေးခဲ့မိတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပြည်ထောင်စုလွှတ်တော် သည်သာ ဥပဒေများကို ပြုစုပြဋ္ဌာန်းနိုင်တာကို ပုဒ်မ ၉၅၊ ၉၆၊ ၉၇ တို့မှာ ဖော်ပြထားပြီး ဖြစ်ပါတယ်။ ဥပဒေပြုပြီး ဆက်လက်လုပ်ကိုင်ရမယ့် နည်းဥပဒေများ (Rules) ၊ စည်းမျဉ်း (Regulations) ၊ စည်းကမ်း (By Laws) တွေကိုတော့ ပုဒ်မ ၉၇ (က) အရ ပြည်ထောင်စုအဆင့်ရှိတဲ့ အဖွဲ့အစည်းတွေကိုသာ အပ်နှင်းထားပါတယ်။

အိန္ဒိယကိုလေ့လာကြည့်
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနဟာ ၂၀၁၅ ခု၊ အောက်တို ဘာလ ၂၇ ရက်နေ့မှာ အမိန့်ကြော်ငြာစာအမှတ် - ၁၉၈/၂၀၁၅ ဖြင့် လျှပ်စစ်နည်းဥပဒေများကို ပြဋ္ဌာန်းထားပါတယ်။ ဒီနေ့ မြန်မာနိုင်ငံမှာ ဝန်ကြီးဌာနတွေဟာ နည်းဥပဒေများကိုသာ ပြဋ္ဌာန်းပြီး နိုင်ငံတကာမှာလို Regulatory Commission  တွေ မရှိတာမို့ စည်းမျဉ်းဥပဒေ ထုတ်ပြန်နိုင်ခြင်း မရှိတာကို တွေ့ရပါတယ်။ လျှပ်စစ်ဥပဒေအရ ဖွဲ့စည်းမယ့် ကော်မရှင်မဖွဲ့စည်းသေးလို့ စည်းမျဉ်းဥပဒေတွေပြဋ္ဌာန်းပြီး ကြီးကြပ်ခြင်း မဆောင်ရွက်နိုင် သေးတာ လိုအပ်ချက်တစ်ရပ်ပါ။ ဒါ့အပြင် လျှပ်စစ်ဥပဒေ အခန်း (၃)၊ ပုဒ်မ - ၄ (ခ) မှာ ကော်မရှင်ဥက္ကဋ္ဌကို ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားတာကလည်း စည်းမျဉ်းဥပဒေပြုနိုင်ခွင့်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စုအဆင့်ရှိတဲ့ အဖွဲ့ကသာ လုပ်ပိုင်ခွင့်ပေးထားလို့ပါပဲ။ နိုင်ငံတကာမှာတော့ ကော်မရှင်တွေကို quasi-judicial bodies အဖွဲ့အစည်းများ အဆင့်ကို ပေးထားပါတယ်။

ဒါကြောင့်မို့ နိုင်ငံတကာမှာ ဒီလိုကော်မရှင်တွေကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဘယ်လိုဖွဲ့ကြသလဲဆိုတာ သိရအောင် ဦးစွာ အိန္ဒိယနိုင်ငံကို လေ့လာကြည့်ပါတယ်။ အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံနဲ့အတူ ဗြိတိသျှကိုလိုနီဖြစ်ခဲ့တာမို့ ဥပဒေ ပြုမှုစနစ်တွေဟာ အတော့်ကို တူညီပါတယ်။ အိန္ဒိယနိုင်ငံမှာ ဗဟိုလျှပ်စစ်လုပ်ငန်း ကြီးကြပ်မှုကော်မရှင် (Central Electricity Regulatory Commission - CERC)  အောက်မှာ လျှပ်စစ်လုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ပေါင်း ၆၀ လောက် ရှိပါတယ်။ ဆက်သွယ်ရေး ကဏ္ဍအောက်မှာ ရှစ်ခုရှိပြီး ဆိပ်ကမ်းအာဏာပိုင်အောက်မှာ သုံးခုရှိပါတယ်။ ဒါ့အပြင် ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ ကြီးကြပ်သူနဲ့ ကျောက်မီးသွေးဆိုင်ရာ မြို့ ပြလေကြောင်းနှင့် မီးရထားမှာလည်း ရှိကြပါတယ်။ လျှပ်စစ်နဲ့ ဆက်သွယ်ရေးလို အခြေခံ အဆောက်အအုံတွေမှာသာမက စတော့ဈေးကွက်မှာလည်း SEBI နှင့် အာမခံလုပ်ငန်း စတဲ့ ကဏ္ဍတွေမှာလည်း ရှိကြ တယ်တဲ့။

ရှုပ်ထွေးနက်နဲ
ဒီနေ့ လျှပ်စစ်စွမ်းအင်ဆိုတာ လူသားတွေရဲ့ အခြေခံ လိုအပ်ချက်ဖြစ်နေတာမို့ လျှပ်စစ်ကဏ္ဍကို ကိုင်တွယ်ဖြေရှင်း ရတာ အထူးပဲ ရှုပ်ထွေးနက်နဲပါတယ်။ အထူးသဖြင့် အိန္ဒိယ နိုင်ငံလို ဆင်းရဲ၊ ချမ်းသာ အလွှာအမျိုးမျိုးရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံမျိုးမှာ ပိုပြီးရှုပ်ထွေးပါတယ်။ အိန္ဒိယမှာ တိုင်းနှင့် ပြည်နယ်တွေမှာ ပြည်နယ်လျှပ်စစ်အဖွဲ့တွေ ရှိတာမို့ ပြည်နယ်တစ်ခုနှင့်တစ်ခု လျှပ်စစ်အရောင်းအဝယ်တွေ ရှိကြပါတယ်။ ဒါ့အပြင် လျှပ်စစ်ကဏ္ဍပိုင်ဆိုင်မှုကိုလည်း နိုင်ငံတော်ပိုင်းက ရာခိုင်နှုန်းအများ ပိုင်ပါတယ်။ ဓာတ်အားစနစ် ထဲကိုလည်း ပြည်တွင်းရော၊ ပြည်ပကပါ ရင်းနှီးမြှုပ်နှံသူတွေက ဝင်ရောက်ပြီး ထုတ်လုပ်ရောင်းချမှုတွေက များပြားလာတော့ ပြဿနာတွေ များလာတယ်။ ဒါ့ကြောင့် ၁၉၉၆ ခုနှစ်မှာ ပြည်နယ်ဝန်ကြီးချုပ်များ ညီလာခံက ဗဟိုလျှပ်စစ်လုပ်ငန်း ကြီးကြပ်မှုကော်မရှင်ကို ဖွဲ့စည်းပေးဖို့ အဲဒီအဖွဲ့ရဲ့ အောက်မှာလည်း ပြည်နယ် လျှပ်စစ်လုပ်ငန်း ကြီးကြပ်မှုကော်မရှင်တွေကို ပြည်နယ်တွေမှာ ဖွဲ့စည်းဖို့ပါ အကြံပြုကြတယ်။ ဒါ့ကြောင့် ၁၉၉၈ ဥပဒေအမှတ် (၁၄) The Electricity Regulatory Commission Act 1998 ပြဋ္ဌာန်းပြီး ဆောင်ရွက်ခဲ့တာမို့ လျှပ်စစ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ဆိုတာ ပေါ်ပေါက်ခဲ့တာပါပဲ။

ထုတ်ပစ်မှုတွေလုပ်နိုင်
အိန္ဒိယမှာတော့ ဒီကော်မရှင်ကို ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် သုံးဦး၊ စုစုပေါင်း လေးဦးနဲ့ပဲ ဖွဲ့စည်းပါတယ်။ အရည်အချင်းသတ်မှတ် ချက်တွေကတော့ ဥက္ကဋ္ဌကို လျှပ်စစ်ကဏ္ဍကို နှံ့စပ်စွာသိကျွမ်းပြီး အတွေ့အကြုံများတဲ့သူကို ခန့်အပ်ရမှာဖြစ်ပြီး ကျန်သုံးဦး ကတော့ လျှပ်စစ်ကဏ္ဍနဲ့ပတ်သက်ပြီး ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်အတွေ့အကြုံရှိသူ စီးပွားရေး၊ ကူးသန်း ရောင်းဝယ်ရေးနှင့် ဥပဒေ သို့မဟုတ် အုပ်ချုပ်မှုဆိုင်ရာ ကျွမ်းကျင်သူများထဲမှ သင့်တော်သူများကို ရွေးချယ်ရပါတယ်။ ဥပဒေအပိုဒ် (၄) မှာ ဒီကော်မရှင်ကို ဘယ်လိုရွေးချယ်ရမလဲ ပြဋ္ဌာန်းထားပြီး ကော်မရှင်အဖွဲ့ဝင်တွေ မရိုးမသား လုပ်ခဲ့ရင် ထုတ်ပစ်မှုတွေကိုပါ ဥပဒေမှာ ပြဋ္ဌာန်းထား ပါတယ်။

ကော်မရှင်ရဲ့ တာဝန်ဖြစ်တဲ့ တာဝန်ဝတ္တရားတွေကိုတော့ ပုဒ်မ-၁၃ မှာ အချက် ၉ ချက်နဲ့ ပြဋ္ဌာန်းထားပါတယ်။ ဗဟို အစိုးရက ချုပ်ကိုင်တဲ့ ဓာတ်အားစနစ်သို့ ရောင်းချတဲ့ ဓာတ်အားခနှုန်းထားကအစ ပြည်နယ်တစ်ခုနှင့်တစ်ခု ဓာတ်အား အပြန်အလှန် ရောင်းဝယ်ခြင်း၊ လျှပ်စစ်ဓာတ်အား သုံးစွဲသူတို့အတွက် မျှတသောဈေးနှုန်းအပါအဝင် ဓာတ်အားခ နှုန်းထားနဲ့ပတ်သက်တဲ့ မူဘောင်သတ်မှတ်ချက်တွေအပြင် ကုမ္ပဏီများအချင်းချင်း ဓာတ်အားခနှင့်ပတ်သက်ပြီး အငြင်းပွားမှုတွေကိုပါ ဖြေရှင်းပေးရမှာတို့ ပါဝင်ပါတယ်။ ဒီကော်မရှင်ရဲ့ လုပ်ရပ်တွေဟာ လျှပ်စစ်နည်းပညာတွေ စံချိန်စံညွှန်းတွေထက် လျှပ်စစ်မီးသုံးစွဲသူနှင့် ရောင်းချသူ များအကြား လျှပ်စစ်ဓာတ်အားထုတ်လုပ်သူ၊ ဖြန့်ဖြူးသူတွေအကြားမှာ ကြားခံအဖွဲ့အစည်းအဖြစ် ဥပဒေအရ ဆောင်ရွက်ပေး နိုင်မယ့် အဖွဲ့အစည်း ဖြစ်ပါတယ်။

ဖွဲ့စည်းမှုများ
နိုင်ငံတကာ လျှပ်စစ်ကော်မရှင်တွေမှာ အဖွဲ့ဝင်တစ်ဦးမှ ကိုးဦးအထိ ဖွဲ့စည်းကြပါတယ်။ ဩစတြေးလျ၊ ကနေဒါ၊ ချက်သမ္မတ၊ ဒိန်းမတ်၊ ပြင်သစ်၊ အီတလီ၊ ပေါ်တူကီ၊ ယူကေ (U.K)၊ အမေရိကန်နိုင်ငံတွေမှာတော့ သီးသန့်လွတ်လပ်တဲ့ အဖွဲ့အစည်း (Independent Regulatory) အဖြစ် ဖွဲ့စည်းထားပြီး ဖင်လန်၊ ဟန်ဂေရီ၊ နယ်သာလန်၊ နော်ဝေ၊ ဆွီဒင်တို့မှာ ဝန်ကြီးဌာနနှင့် ပူးတွဲပြီး Ministerial agency and ministry  ဘယ်လ်ဂျီယံ၊ ဂရိ၊ လူဇင်ဘတ်၊ စပိန်တွေမှာတော့ အကြံပေး Ministry and Advisory Agency အဖြစ်သာ ဖွဲ့စည်းပါတယ်။ ဂျာမနီ၊ ဂျပန်၊ နယူးဇီလန်၊ ဆွစ်ဇာလန်နိုင်ငံတွေမှာတော့ ဝန်ကြီးဌာနအနေနဲ့သာ ဆောင်ရွက်ပါတယ်။ ကိုယ့်နိုင်ငံနှင့်ကိုယ် သင့်တော်သလို ပုံစံမျိုးနဲ့ ဖွဲ့စည်းကြပြီး ကော်မရှင်ရဲ့ အသုံးစရိတ်ကိုတော့ နိုင်ငံတော်ဘတ်ဂျက်က ကျခံမှုမျိုးရှိသလို လျှပ်စစ်ဓာတ်အားခ ကောက်ခံတဲ့နှုန်းထားထဲမှာ ကော်မရှင်အတွက် သီးသန့်ထပ်ပို တောင်းခံတာတွေလည်း ရှိလာတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၄ ခုနှစ်၊ လျှပ်စစ်ဥပဒေကို ၂၀၁၄ ခုနှစ်မှာ အသစ်ပြန်ရေးဆွဲတဲ့ ၂၀၁၄ လျှပ်စစ်ဥပဒေရဲ့ အဓိက ပြောင်းလဲတဲ့အချက်က လျှပ်စစ်လုပ်ငန်းကြီးကြပ်မှုကော်မရှင် ဖွဲ့စည်းတာဝန်ပေးခြင်းနှင့် ပုဂ္ဂလိက ပြင်ပအဖွဲ့အစည်းတွေကို လျှပ်စစ်ကဏ္ဍမှာ လုပ်ပိုင်ခွင့်ပေးထားခြင်းဟာ အဓိကဥပဒေ အသစ်ရဲ့ ပြောင်းလဲခြင်းပါ။

မကျေလည်တာတွေရှိဆဲ
ယနေ့မြန်မာနိုင်ငံဟာ ဒီမိုကရေစီဖက်ဒရယ်နိုင်ငံတော်ကြီး တည်ဆောက်နေတဲ့ကာလပါ။ တိုင်းဒေသကြီးနှင့် ပြည်နယ် တွေကို အသေးစား၊ အလတ်စား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ပိုင်ခွင့်ကို ပေးထားသော်လည်း ဓာတ်အား ဖြန့်ဖြူးရေး စနစ်ကို ဆက်သွယ်တဲ့နေရာမှာ အငြင်းပွားဖွယ် မရှင်းလင်းတဲ့ပြဿနာတွေ ရှိနေပါတယ်။ ရန်ကုန်နှင့် မန္တလေးမှာ လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ပြောင်းလဲဖွဲ့စည်းခြင်း၊ Franchise ခေါ်တဲ့ ဒေသအလိုက် ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း လုပ်ပိုင်ခွင့်ရှိ ကုမ္ပဏီများကို ခွင့်ပြုပေးထားခြင်းမှာလည်း ဌာနနဲ့ ကုမ္ပဏီတွေကြား မကျေလည်တာလေးတွေ ရှိနေဆဲပါ။

ဒါတွေကို ကိုင်တွယ်ဖြေရှင်းပေးဖို့ quasi-judicial status အဆင့်ရှိ လျှပ်စစ်ဓာတ်အားလုပ်ငန်း ကြီးကြပ်ရေးကော်မရှင် ဖွဲ့စည်းဆောင်ရွက်ဖို့ ဥပဒေပြဋ္ဌာန်းခဲ့တာ ၄ နှစ် ကျော်ခဲ့ပါပြီ။ အာရှဖွံ့ ဖြိုးရေးဘဏ် (ADB) ရဲ့ Myanmar Energy Master Plan  ကို သေသေချာချာ ဖတ်ကြည့်ရင် ကော်မရှင်ရဲ့ အတည်ပြုချက်ရယူရမယ့် အချက်တွေပါတာ တွေ့ရမှာပါ။

ဒါကြောင့်မို့ ERC ခေါ်တဲ့ လျှပ်စစ်လုပ်ငန်းကြီးကြပ်မှု ကော်မရှင်ဖွဲ့စည်းရေးကိစ္စ နှောင့်နှေးမနေသင့်ပါ။ နိုင်ငံတော်မှ ဥပဒေနှင့်အညီ ကော်မရှင်တစ်ရပ် ဖွဲ့စည်းတာဝန်ပေးပြီး ဌာနများနဲ့ ညှိနှိုင်းပေါင်းစပ်ပြီး လက်ရှိ လျှပ်စစ်ကဏ္ဍ လုပ်ဆောင် ချက်စနစ်ထဲမှာ ပါဝင်ဆောင်ရွက်ရင်တော့ ပြည်သူများ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မယ်လို့ ထင်ရှိရပါကြောင်း။ ။

မှီငြမ်းချက်များ
၁။ ၂၀၁၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ
၂။ လျှပ်စစ်ဥပဒေ (၄၄/၂၀၁၄)
၃။ The Electricity Regulatory Commission Act - 1998- India. 
၄။ Governing Power by SL Rao.