နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်  ၁၄  ဇန်နဝါရီ 

 

ပညာရေးဝန်ကြီးဌာနနည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး၌ကျင်းပသည်။

 

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နည်းပညာနှင့်သက်မွေးပညာရေးကဏ္ဍသည် နိုင်ငံတော်၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးပါသောကဏ္ဍ ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ TVET ကဏ္ဍအားပထမတန်းစားပညာရေး (First Class Education) ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် လမ်းညွှန်ထားပါကြောင်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန အောက်ရှိကျောင်းပေါင်း (၆၇)ကျောင်းတွင် ဆရာ၊ ဆရာမ ၄၀၄၀ ရှိပြီးအစိုးရနည်းပညာ ကောလိပ်နှင့်စက်မှုလက်မှု သိပ္ပံကျောင်းများ၏ ကျောင်းသားကျောင်းသူ ၁၄၉၅၆ ဦး၊ အစိုးရနည်းပညာ အထက်တန်းကျောင်းများ၏ ကျောင်းသားကျောင်းသူ ၇၂၂၈ ဦး၊ ၂၀၁၈ ခုနှစ်တွင်ဖွင့်လှစ်ခဲ့သည့် ကာလတို သင်တန်းကျောင်းသား ၁၂၆၄၄ ဦး စုစုပေါင်း ၃၄၈၂၈ ဦး ဖြစ်ပါကြောင်း၊ TVET သက်မွေးပညာကဏ္ဍ တိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက်ရန် တိုင်းဒေသကြီး/ပြည်နယ် တစ်ခုချင်းစီ၏ ဒေသအလိုက် ကျွမ်းကျင်လုပ်သားဈေးကွက်(Skill Labour Market)သည် တစ်နေရာနှင့်တစ်နေရာမတူညီသည့်အတွက် ဒေသ၏ကျွမ်းကျင်လုပ်သား အင်အားကိုဦးတည်ပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည့် အရည်အသွေးကောင်းမွန်သည့် သင်တန်းများကိုသာဖွင့်လှစ်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊  Hotel&Tourism သင်တန်းများ၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသက်မွေးပညာသင်တန်းများ၊  အိုင်စီတီနည်းပညာ သင်တန်းစသည့် သင်တန်းများကိုဆောင်ရွက်သည့်အခါ အမှန်တစ်ကယ်လိုအပ်မည့် ကျွမ်းကျင်လုပ်သားဈေးကွက်ကို လေ့လာပြီးလိုအပ်သလောက် အရည်အသွေးကောင်းမွန်သည့် ကျွမ်းကျင်လုပ်သားများကို မွေးထုတ်ပေးရန် အရေးကြီးပါကြောင်း၊ ဝန်ဆောင်မှုပေးသည့် သင်တန်းများဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ပုဂ္ဂလိကဏ္ဍ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

 

EU မှ ဘဏ္ဍာငွေအထောက်အပံ့ ယူရို ၂၁၂ သန်းကို ၂၀၂၂ ခုနှစ်အထိ (၅)နှစ်တာ ကာလအတွင်း သုံးစွဲသွားမည်ဖြစ်ရာ သုံးပုံနှစ်ပုံခန့်အားနည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးကဏ္ဍအတွက် ကူညီပံ့ပိုးပေးမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် မျှတစွာအကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်ထားခြင်း မရှိစေရန်၊ မိမိဒေသ၏လူဦးရေအနည်း၊ အများနှင့်မဆိုင်ဘဲ လုပ်ငန်းအောင်မြင်နိုင်ရေး ဦးတည်၍စီမံခန့်ခွဲ သွားကြရန်လိုပါကြောင်း၊ ယနေ့ခေတ်ကာလတွင် လုပ်ငန်းခွင်များ၌ လိုအပ်လျှက်ရှိသော ကျွမ်းကျင်လုပ်သားများ၊ အသိပညာရှင်၊အတတ်ပညာရှင်များကို ပြုစုပျိုးထောင်သည့်အခါ အသိပညာရှင်၊အတတ်ပညာရှင် ၃၀ ရာခိုင်နှုန်းခန့်နှင့် ကျွမ်းကျင်လုပ်သား ၇၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်း ခန့်အပ်မည်ဖြစ်ရာ ကျွမ်းကျင်လုပ်သားများကို ပြုစုပျိုးထောင်ပေးရန် အရေးကြီးပါကြောင်း၊ သင်တန်းကျောင်းများ၏ အရည်အသွေး၊ သင်တန်းဆရာများ၏ အရည်အချင်းမြင့်မားမှသာ အရည်အသွေးရှိသည့်သင်တန်းသား သင်တန်းသူများမွေးထုတ်ပေးနိုင်ခြင်းဖြင့်ဒေသတွင်း၊ နိုင်ငံတွင်းသာမက နိုင်ငံတကာကလည်း အသိအမှတ်ပြုမည်ဖြစ်ပါကြောင်း၊ ကျွမ်းကျင်ပညာရှင်များ၊ ကျွမ်းကျင်လုပ်သားများရရှိစေရေး ဝိုင်းဝန်းပြုစုပျိုးထောင်ပေးရမည်ဖြစ်ပါကြောင်း၊

 

သင်တန်းဆရာ အရည်အချင်းပိုမိုကောင်းမွန်စေရေး၊ လိုအပ်ချက်အခြေပြု၊ ကျွမ်းကျင်မှုအခြေပြုသက်မွေးပညာ သင်တန်းများပေးအပ်နိုင်ရေးတို့အတွက် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ကျောင်း၏အရည်အသွေးကို တစ်နှစ်ထက် တစ်နှစ်မြှင့်တင်နိုင်အောင် အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အမှာစကားပြောကြားပြီး သက်ဆိုင်ရာကျောင်းများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ကျောင်းအုပ်ကြီးများကရှင်းလင်းတင်ပြကြရာ ပြည်ထောင်ဝန်ကြီးနှင့် တာဝန်ရှိသူများက ဆွေးနွေးညှိနှိုင်းပေးကြသည်။

 

(သတင်းစဉ်)

 

DSC