ညီညွတ်ရေး ဒီမိုကရေစီရေး ငြိမ်းချမ်းရေး

နေပြည်တော် ၁၇

လွတ်လပ်ရေးရလုနီးကာလမှာ ဗြိတိသျှအစိုးရက ပြည်မနှင့် တောင်တန်းဒေသများကို ခွဲခြားဆက်ဆံလိုက်သည်။ တောင်တန်းဒေသများ ကိုယ်တိုင် ပြည်မနှင့်အတူ လွတ်လပ်ရေးယူမည်လားဟူသည့် အခြေခံသဘောထားကို မေးလိုက်ခြင်း ဖြစ်၏။ ဗြိတိသျှတို့၏ ကျွန်ဘဝမှလွတ်မြောက်ရေးတွင် ပြည်မသားတို့နှင့် တောင်တန်းဒေသသားတို့ သီးခြားစီလော အတူလော ဟူသည့် ခေါင်းစဉ်ဖြင့် မေးခွန်း။

မည်သို့ပင်ဖြစ်စေ၊ ဗြိတိသျှအစိုးရအနေဖြင့် မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးရတော့မည့်အချိန်သို့ ရောက်လာခဲ့သည်။

ဝင်ရိုးတန်းနိုင်ငံများနှင့် ဒုတိယကမ္ဘာစစ်ကို ဆင်နွှဲခဲ့ရသော အင်္ဂလိပ်မှာလည်း စစ်ပန်းနေပြီ။ မြန်မာတစ်နိုင်ငံလုံးကလည်း လွတ်လပ်ရေးအတွက် တက်ကြွစည်းလုံးနေကြပြီ။ ကိုလိုနီစနစ်ကိုယ်တိုင်က အားပျော့လာပြီ။ သိပ်မကြာလှသော အချိန်အတွင်းမှာ ကိုလိုနီလုပ်ကျွန်ပြုထားသည့် နိုင်ငံများကို လွတ်လပ်ရေးကို ပေးကိုပေးမှ ဖြစ်တော့မည်ဟူသည့် အခြေအနေ။

မြန်မာနိုင်ငံတွင်းမှာက ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုက တိုင်းရင်းသားအများစုကြားမှာ အင်အားကောင်းနေသည်။ ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေးသမားစစ်စစ်။ လွတ်လပ်ရေးအတွက် နောက်ဆုံးတိုက်ပွဲက နိုင်ငံရေးတိုက်ပွဲဖြစ်သည်ကို နားလည်ပါးနပ်သော နိုင်ငံရေးမြော်မြင်ဉာဏ် ကြီးသောသူဖြစ်သည့် ဗိုလ်ချုပ်က ဖက်ဆစ်တော်လှန်ရေးကို ပြည်သူလူထုနှင့် အတူ အောင်မြင်အောင် တိုက်ခဲ့ပြီးနောက် နိုင်ငံရေးနယ်ပယ်သို့ ဝင်လိုက်သည်။ ဖဆပလ အဖွဲ့ချုပ်ကြီး၏ဥက္ကဋ္ဌ ဦးအောင်ဆန်း ဖြစ်လာသည်။

ဦးအောင်ဆန်းက ပြည်သူလူထု၏ ခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်အဖြစ် ယုံကြည်ခြင်းခံရသူ ဖြစ်၏။ ဦးအောင်ဆန်း၏ ရိုးသား ဖြူစင်မှု၊ နိုင်ငံရေးစိတ်စေတနာနှင့် လွတ်လပ်ရေးကို မရရအောင် ယူမည်ဟူသည့် ဇွဲနှင့် သတ္တိတို့က ပြည်ထောင်စု သားတို့၏ ယုံကြည်မှုကိုရရှိစေခဲ့သည်။

အင်္ဂလိပ်အစိုးရ၏ တောင်တန်းဒေသနှင့် ပြည်မကို ခွဲခြားဆက်ဆံမှု ကို အကြောင်းပြု၍ ပင်လုံညီလာခံခေါ်ရန် ဖြစ်လာခဲ့သည်။ ပင်လုံညီလာခံက တိုင်းရင်းသားများနှင့် ပြည်မသားတို့ကြား အနှောင့်အယှက် တစ်စုံတစ်ရာမရှိဘဲ လွတ်လပ်စွာ ဆက်ဆံနိုင်ကြ မည်ဟု ယုံကြည်ကြောင်းကို ဖော်ပြခဲ့သည်။ ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ ပြီးတော့ ပြည်နယ် ပြည်မ သီးခြားစီ ခွဲခြားသတ်မှတ်မည်ဆိုလျှင် တိုင်းရင်းသားတို့၏ ကိုလိုနီဘဝက လွတ်မြောက်ရေး မသေမချာဖြစ်မည်ကို စိုးရိမ်ရသည်။

ဦးအောင်ဆန်းနှင့်ဆိုလျှင် တိုင်းရင်းသားတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိသော လွတ်လပ်သော ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံ ထူထောင်နိုင်မည်ဟုလည်း တိုးတက်ထက်မြက်ကြသော တိုင်းရင်းသား ခေါင်းဆောင်တို့က ယုံကြည်ကြသည်။

ဤသည်က ပြည်ထောင်စုစိတ်ဓာတ်၏ အခြေခံဖြစ်၏။ ပင်လုံစိတ်ဓာတ်၏ အနှစ်သာရဖြစ်၏။ သည်လိုနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့် အခြေအနေတွင်းကပင် လွတ်လပ်ရေးရသည်အထိ ပြည်နယ်ပြည်မ မခွဲခြားဘဲ လက်တွဲကြိုးပမ်းနိုင်ခဲ့ကြသည်။

သို့သော်လည်း လွတ်လပ်ရေးရပြီးသည့်နောက်တွင် နိုင်ငံရေးအရ ကွဲပြားမှုများရှိသည်ကို နိုင်ငံရေးအရမရှင်းကြဘဲ စစ်ရေးနည်းဖြင့် ဖြေရှင်းရန် အားထုတ်ခြင်းက ပြည်ထောင်စုစိတ်ဓာတ်ကို ယိုင်နဲ့စေခဲ့သည်။ ပါလီမန်ဒီမိုကရေစီစနစ် ဖျက်သိမ်းခံလိုက် ရပြီးနောက် စစ်ရေးဖြေရှင်းနည်းကို ပိုမိုအားသန်ရာက ပြည်တွင်းစစ်ကြီးသည်ထက်ကြီးလာခဲ့ရသည်။ အခြားတစ်ဖက်တွင် အာဏာရှင်တို့၏ အလွန်အကျွံ့ ကိုယ်ကျိုးရှာမှုနှင့် နိုင်ငံရေး သဘောထား မတူညီသူများကို ဖိနှိပ်မှုတို့က ပြည်နယ် ပြည်မ မခွဲခြားဘဲ ပြည်သူလူထုတစ်ရပ်လုံးပေါ် သက်ရောက်ခဲ့သည်။ သည်လိုနှင့် ပြည်နယ်ရောပြည်မပါ ဆင်းရဲနွံထဲ ကျရောက်၊ မဖွံ့ဖြိုးမတိုးတက်သော နိုင်ငံအဖြစ် ရောက်ခဲ့ရသည်။

ထိုအခါ ဒီမိုကရေစီဆိတ်သုဉ်းမှုကို အတူတကွခံစားခဲ့ကြရသော ပြည်သူလူထုသည် ဒီမိုကရေစီရေး ရရှိရေးဟူသည့် အလံတော်အောက်တွင်အတူတကွ စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ခဲ့ကြသည်။ ထိုစည်းလုံးညီညွတ်မှုကြောင့်ပင် ယနေ့ ဒီမိုကရေစီအလင်းရောင်ကို စတင်မြင်နေကြရသည် ဖြစ်သည်ဟု ဆိုချင်ပါသည်။ ယင်းစည်းလုံးညီညွတ်မှုအင်အားက အလွန်ပင် ထိရောက်ပြီး အရေးကြီးသည်ဟု ဆိုချင်ပါသည်။

ယနေ့ထိလည်း နိုင်ငံတော် အမှန်တကယ် တိုးတက်ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအခွင့်အရေးကို ပြည်ထောင်စုသားအားလုံး ခံစားရရှိရေးအတွက် ဆက်လက်ကြိုးပမ်း အားထုတ်နေရဆဲ ဖြစ်ပါသည်။ အမှန်တကယ် စစ်မှန်သော ငြိမ်းချမ်းတိုးတက် သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးဟူသည် ပြည်ထောင်စုသားတို့၏ ညီညွတ်ရေး စိတ်ဓာတ်ဖြင့်သာ ရရှိနိုင်မည်ဟု မျှော်လင့်ယုံကြည်ပါကြောင်း။    ။