ညီညွတ်ရေးဖြင့် အသက်ရှည်ရှည်ခင်ခင်မင်မင်

နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာသည့် စီးပွားရေးသမိုင်းပညာရှင်များက လက်ရှိဖွံ့ ဖြိုးတိုးတက်နေသော နိုင်ငံများ၏ ၎င်းတို့မဖွံ့ ဖြိုးမီက ကနဦးအခြေအနေများကို လေ့လာရာတွင် နိုင်ငံတော် အာဏာရပ် လွှမ်းခြုံပျံ့နှံ့ ခြင်း၊ ဗဟိုအစိုးရ၏ဦးဆောင်မှု ထက်မြက်စူးရှခြင်း၊ ဗဟို အစိုးရအပေါ် ပြည်သူတို့၏ သစ္စာခံယူမှု အားကောင်းလာခြင်း စသည့် အခြင်းအရာများက နိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေခဲ့ခြင်းဖြစ်သည်ဟု တွေ့ရှိခဲ့ကြကြောင်း လေ့လာမှတ်သားခဲ့ရဖူးသည်။

ဒေသအလိုက် အကွဲကွဲအပြားပြားဖြစ်ကာ နယ်ပယ်အလိုက် အုပ်ချုပ်မှုထက် ဗဟိုအစိုးရ၏ အုပ်ချုပ်မှုအပေါ် ပြည်သူများက သစ္စာခံယူလာခြင်း၊ ဗဟိုအစိုးရကလည်း တစ်နိုင်ငံလုံးနှင့် လွှမ်းခြုံကာ စီမံဆောင်ရွက်နိုင်ခြင်း၊ ပြည်သူတို့ကလည်း မိမိတို့၏ ဘဝကို ပိုမို၍ ကျယ်ဝန်းမြင့်မားသည့် နိုင်ငံတော်နှင့် ဆက်စပ်ရှုမြင်လာခြင်းစသည့် ဆင့်ပွားအကျိုးဆက်များက တစ်မျိုးသားလုံးကို စုစည်းသိပ်သည်းမှု အားကောင်းစေခဲ့သည်။ ဒီမိုကရေစီကျင့်စဉ်များအရ အစိုးရနှင့် ပြည်သူ အကြား ဆက်သွယ်မှုလမ်းကြောင်းများ ပွင့်လင်းလာပြီး အပြန်အလှန် နားလည်မှုနှင့် အသိအမှတ်ပြုမှုတို့ အားကောင်းလာသည်နှင့်အမျှ အမျိုးသားစုစည်းမှု (National Integration) ကို သိပ်သည်း အားကောင်းလာစေခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံကောင်းများ ရရှိစေခြင်းဖြစ်သည်ဟု စီးပွားရေးသမိုင်း ပညာရှင်များက ဆိုသည်။

ယင်းနှင့်ဆန့်ကျင်ဘက်အခြေအနေတွင်မူ နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် တစ်နိုင်ငံလုံးသို့ လွှမ်းခြုံပျံ့နှံ့မှု အားနည်းခြင်း၊ အစိုးရ၏ အာဏာရပ်ထိရောက်ထက်မြက်မှု မရှိခြင်း၊ တရားဥပဒေစိုးမိုးမှု အားနည်း ခြင်း၊ နိုင်ငံတော်အပေါ်သစ္စာခံယူသည်ထက် ပြည်နယ်နှင့်လူမျိုးစုအလိုက် သစ္စာခံယူခြင်း စသည့်အခြေအနေများဖြစ်ပြီး ယင်းသို့သော အခြေ အနေမျိုး အာဖရိကနိုင်ငံအချို့တွင် ဖြစ်ပေါ်ခဲ့ဖူးကြောင်းလည်း ပညာရှင် များက ထောက်ပြခဲ့သည်။ ခေါင်းဆောင်များအကြားတွင် လည်းကောင်း၊ ခေါင်းဆောင်ပိုင်းနှင့် ပြည်သူလူထုအကြားတွင်လည်းကောင်း၊ ပြည်သူ လူထုအချင်းချင်းကြားတွင်လည်းကောင်း အပြန်အလှန်နားလည်လက်ခံမှု၊ အသိအမှတ်ပြုမှု အားနည်းခြင်းနှင့်ပြည်သူတို့၏ လူမှုရေးစည်းကမ်း ထိန်းသိမ်းမှု (Social Discipline) အားနည်းခြင်း စသည့်သဘော လက္ခဏာတို့က အမျိုးသားစုစည်းမှုအားနည်းခြင်းပင်ဖြစ်ပြီး ယင်းသည် နိုင်ငံများ၏ ဖွံ့ ဖြိုးတိုးတက်မှုကို တားဆီးပိတ်ပင်သည့် အဓိကအကြောင်း အရာတစ်ရပ်ပင်ဖြစ်သည်ဟူ၍လည်း သုံးသပ်ထားကြသည်။

ထို့ပြင် “အမျိုးသားစုစည်းမှု” သည် ရုပ်ပိုင်းဆိုင်ရာအခြေအနေထက် စိတ်ပိုင်းဆိုင်ရာအခြေအနေနှင့် ပိုမိုသက်ဆိုင်သည်ဟူ၍လည်း ဆိုထားရာ ဖွံ့ ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံဘဝမှ ရုန်းထွက်ရန် ကြိုးပမ်းနေသည့် မိမိတို့နိုင်ငံသည်လည်းဆိုခဲ့ပါ အခြေအနေများကို အထူးသတိပြုဖွယ်ပင် ဖြစ်သည်။ နိုင်ငံငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ ဖွံ့ ဖြိုးတိုးတက်ရေး အတွက် စိန်ခေါ်မှုအမျိုးမျိုးတို့ကို ရင်ဆိုင်ကျော်လွှားနေကြရသည့် အခြေအနေမျိုးတွင် ခေါင်းဆောင်မှုအတွင်း ညီညွတ်မှု၊ ခေါင်းဆောင်နှင့် ပြည်သူများအကြား ညီညွတ်မှု၊ ပြည်သူများအချင်းချင်းကြား ညီညွတ်မှု တို့အတွက် အပြန်အလှန်နားလည်မှု၊ အပြန်အလှန်လေးစားမှု၊ အပြန် အလှန် အသိအမှတ်ပြုမှုတို့ဖြင့် ဒီမိုကရေစီယဉ်ကျေးမှုကို အခိုင်အမာ ထူထောင်ကာ ညီညွတ်ရေးဖြင့် အသက်ရှည်ရှည်ခင်ခင်မင်မင် ချစ်ကြည် နိုင်ကြပါစေကြောင်း။ မြန်မာ့အလင်း