ပညာရေးတွင် ဆရာမများ၏ အခန်းကဏ္ဍနှင့် အမျိုးသားဆရာ တိုးမြှင့်ခန့်ထားရေး စကားဝိုင်း

နန္ဒာဝင်း၊ ဝင်းဝင်းမော်၊ ဓာတ်ပုံ-ဝင်းဝင်း


ပညာရေးတွင် ဆရာမများ၏ အခန်းကဏ္ဍနှင့် အမျိုးသားဆရာ တိုးမြှင့်ခန့်ထားရေး စကားဝိုင်းပညာရေးတွင် ဆရာများ၏ အခန်းကဏ္ဍနှင့် အမျိုးသားဆရာ တိုးမြှင့်ခန့်ထားရေး စကားဝိုင်းဆွေးနွေးပွဲကို ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေး ဦးစီးဌာနနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့ ပူးပေါင်းရိုက်ကူး ထုတ်လွှင့်ခဲ့ပါသည်။ အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား) ဒေါက်တာသန်းဦး၊ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (တာဝန်)ဦးကိုလေးဝင်း၊ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်း၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာ ဝင်းအောင်နှင့် ဦးထွန်းလှ၊ ရန်ကုန်တိုင်းဒေသကြီး အ.လ.က(၉) အင်းစိန်၊ အလယ်တန်းကျောင်းအုပ် ဦးစိုးထွန်းထွန်းနိုင်၊ ရန်ကုန်တိုင်းဒေသကြီး အ.ထ.က (၄) သင်္ဃန်းကျွန်းမှ အထက်တန်းပြ ဆရာ ဦးလင်းလင်းထိုက်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ် ပဉ္စမနှစ်ကျောင်းသား မောင်အားမာန်ထက်တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။

 

အစီအစဉ်မှူး ။ ။ လက်ရှိကျောင်းတွေမှာဆိုရင် ဆရာတွေ နည်းပါးနေတဲ့ အတွက်ဘယ်လို အခက်အခဲတွေ ရှိနေလဲဆိုတာ ရယ်၊ သင်ကြားရေးမှာ ဆရာတို့ ကြုံတွေ့ရတဲ့ အခက်အခဲလေးတွေရှိရင် ပြောပြပေးပါ။ 

ဦးစိုးထွန်းထွန်းနိုင် ။ ။ ကျွန်တော် အရင်ဆုံး ဆွေးနွေးချင်တာက သင်ကြားရေးအပိုင်းပါ။ အမျိုးသားဆရာတွေကတော့ အားလုံးသိကြတဲ့အတိုင်း အမျိုးသမီးဆရာမတွေ ထက်စာရင် Class Control ပိုပြီး သြဇာကြီးမားပါတယ်။ ဆရာမတွေကတော့ အမျိုးသား တွေထက် အားသာချက်က မိခင်စိတ်ပါပဲ။ ကျွန်တော်တို့ အမျိုးသားတွေထက် အများကြီးရှိ ပါတယ်။ ကျောင်းသား ကျောင်းသူတွေကို ထိန်း ကွပ်တဲ့အခါမှာလည်း မိခင်စိတ်က အများကြီး ရှိပါတယ်။ ဒါပေမယ့် တစ်ဖက်က ပြန်ကြည့်ရင် Class Control လို့ပြောမလား၊ သြဇာတိက္ကမလို့ ပြောမလား၊ ကလေးတွေကို နိုင်နင်းမှု၊ ကလေးတွေ အနေနဲ့ ပြောစကားနားထောင်မှုက အမျိုးသား ဆရာတွေရဲ့ စကားတွေလိုပါတယ်။ ကျောင်းတွေ မှာ စည်းကမ်းထိန်းသိမ်းရေး ဆောင်ရွက်တဲ့နေရာ မှာလည်း အမျိုးသားဆရာတွေ အများကြီးလိုအပ် ပါတယ်။ ဆရာတစ်ယောက်ပြောလိုက်တဲ့စကားနဲ့ အမျိုးသမီးဆရာမတစ်ယောက် ပြောလိုက်တဲ့ စကားက စကားအောင်တာချင်း မတူပါဘူး၊ သင်ကြားရေးမှာလည်း ယနေ့ခေတ်က ဘက်စုံ ဖွံ့ဖြိုးရေးသွားနေတာ။ ဗလငါးတန်ကိုသွားတဲ့အခါ ဒါသင်၊ ဒါကျက်နဲ့ မရတော့ပါဘူး။ ကလေးတွေဆီကCreative Thinking ဝေဖန်ဆုံးဖြတ်တာလေး တွေက ဆွဲထုတ်တဲ့အခါမှာလည်း အမျိုးသားဆရာတွေက အမျိုးသမီးဆရာတွေထက် ပိုသင့်တော်တယ်လို့ မြင်မိတယ်။ ဒါကလည်း ကျောင်းတွေမှာ အမျိုးသားဆရာတွေ မရှိတဲ့အတွက် သင်ကြားရေးမှာ ထင်သလောက် မအောင်မြင်တာကို တွေ့ရတာ ကတော့ ဒါသင်၊ ဒါကျက် အနေအထားပေါ့၊ အဲ့ဒါက သင်ကြားရေးအပိုင်းပေါ့။

အမျိုးသားဆရာတွေလောက် ခရီးမရောက်


ထပ်ပြီးဆွေးနွေးချင်တာက ကျွန်တော်တို့ ကျောင်းတွေမှာ ဘက်စုံဖွံ့ဖြိုးရေးလုပ်တယ်၊ ဗလငါးတန်လုပ်တယ်၊ အမျိုးသမီး ဆရာမတွေ အားတက်သရော လုပ်သော်လည်း အမျိုးသားဆရာတွေလောက် ခရီးမရောက်ဘူး။ တစ်ဖန် မြန်မာ့အားကစား ပွဲတွေကိုကြည့်ပြီး ဘောလုံးပွဲတွေ ကြည့်တယ်ဆိုရင် အမြဲတမ်းခံစားမိတာက ကျောင်းတွေမှာ အမျိုးသားဆရာတွေ မရှိလို့သာ နိုင်ငံရဲ့ အားကစားတွေ နိမ့်ကျနေတာလားလို့ စဉ်းစားမိတယ်။ ဝါသနာပါတဲ့ ဆရာမတွေရှိသော် ငြားလည်း အမျိုးသားတွေလောက် မသွားဘူး၊ ကျွန်တော်တို့ နိုင်ငံရဲ့ အားကစားအဆင့်အတန်း မြင့်မားဖို့ဆိုတာလည်း အမျိုးသားဆရာတွေ ကျောင်းတွေမှာ ရှိခြင်း၊ မရှိခြင်းနဲ့သက်ဆိုင်တယ်လို့ မြင်မိတယ်။ 

အစီအစဉ်မှူး ။ ။ လက်ရှိမှာ အမျိုးသားဆရာဦးရေ နည်းပါးတယ်၊ ဒီလိုနည်းပါးတာဘာကြောင့်ဆိုတာ ဆရာ့ရဲ့ အမြင်လေး သုံးသပ်ပေးပါ။ 

ဦးလင်းလင်းထိုက် ။ ။ ကျောင်းတွင်းမှာ သင်ကြားရေးအပိုင်း ရှိတယ်။ ဆရာအချင်းချင်း ပေါင်းသင်းဆက်ဆံရေးအပိုင်း ရှိတယ်။ ဆရာတပည့် ဆက်ဆံရေးအပိုင်း ရှိတယ်။ ဆရာနဲ့ ကျောင်းအုပ်ကြီး၊ အထက်လူကြီး ဆက်ဆံရေးအပိုင်းတွေ ရှိတယ်။ အဲဒီအပိုင်းတွေက ချောမွေ့ဖို့ လိုတယ်။

 

ဝင်ငွေနည်းပါး


တချို့ပြောခဲ့တယ် ဆရာ အင်အားတွေ ကျလာတယ်ဆိုတဲ့အပိုင်းမှာ တချို့ကျောင်းတွေဆိုရင် အမျိုးသားဆရာက နှစ်ယောက်လောက်ပဲ ရှိတယ်။ အများအားဖြင့်က ဆရာမတွေပဲ များတယ်။ လက်ရှိအနေအထားကို ကျွန်တော့်အတွေ့အကြုံနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ကျောင်းတွင်း အနေအထား၊ ဆရာတစ်ယောက်ရဲ့ ရပ်တည် ရှင်သန်မှု၊ Future Process တွေကိုလည်း ထည့်သွင်းစဉ်းစားရမယ်။ ပြောလေ့ပြောထရှိတာ က အမျိုးသားတွေက အိမ်ထောင်ဦးစီးတွေဖြစ်တဲ့အတွက်ကြောင့် မိသားစုက အားကိုးလောက်တဲ့ ဝင်ငွေတစ်ခုရှိဖို့ လိုတယ်။ ဒါက ဆရာ အများစုမှာ ပြောလေ့ပြောထရှိတယ်။ တို့တစ်တွေက ဝင်ငွေ နည်းပါးတယ်၊ မိသားစုက မှီခိုနိုင်တဲ့ အနေအထား မရှိဘူး။ ဒါကလည်း ဆရာတွေ အလုပ်ခွင်ကနေ ပြောင်းလဲထွက်ခွာရတဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်နိုင်တယ်။

 

နောက်တစ်ခုက ဝါသနာပါပေမယ့် ကျောင်း ထဲမှာ စွဲစွဲမြဲမြဲ မနေတဲ့အပိုင်းတွေလည်း ရှိတယ်။ ကျောင်းတွင်းရဲ့ ပတ်ဝန်းကျင်က ဟိုအရင်တုန်းက ရှိခဲ့တဲ့ ပတ်ဝန်းကျင်နဲ့ ကွာလာတာတော့ သေချာ တယ်။ အရင်တုန်းကဆိုရင် ဆရာတစ်ယောက် စာသင်ခန်းထဲ ရောက်သွားတာနဲ့ အပြင်က ရောက်ခဲ့တဲ့ စိတ်သောကက စာသင်ခန်းထဲမှာပင် ပြေပျောက်သွားတယ်။ အခုနောက်ပိုင်းခေတ်ကျ တော့ စာသင်ခန်းကနေ ဝေးဝေးကို ထွက်ပြေးရ တော့မှ စိတ်သောက ပြေပျောက်သလို ဖြစ်တဲ့ပုံစံ မျိုး ခံစားလာရတယ်။ ဒါကလည်း ဆရာတပည့် ရဲ့ သက်ရောက်မှုတွေ အများကြီး ပါလာပါတယ်။ ဒီအပိုင်းတွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစား မယ်ဆိုရင် ဆရာတွေကို ပိုထိန်းထားနိုင်မယ်လို့ ထင်တယ်။

 

အစီအစဉ်မှူး။ ။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးတဲ့အခါ  ရွးချယ်စရာလမ်းကြောင်း အများကြီးထဲကမှ ဒီကျောင်းဆရာ အလုပ်ကို ရွေးချယ်လျှောက်လှမ်းဖြစ်ခဲ့ပုံလေး ပြောပြပေးပါ။ 

မောင်အားမာန်ထက် ။ ။ ဘာကြောင့် ရွေးချယ်ဖြစ်ခဲ့သလဲဆိုတဲ့ မေးခွန်းကို အရှင်းဆုံး စကားလုံးနဲ့ပြောရရင် အိပ်မက်ပါပဲ။ ငယ်ငယ်လေးကတည်းက ဖြစ်ချင်တဲ့ အိပ်မက်တစ်ခုပါ။ ငယ်ငယ်တုန်းကတော့ ကျောင်းဆရာ မဟုတ်ပါဘူး။ စာသင်ချင်တာ၊ ကျွန်တော်က ကျွန်တော့်မိဘတွေရဲ့ အလုပ်အကိုင်ကြောင့် ကျောင်းတွေအများကြီးပြောင်းရတယ်။ အခြေခံပညာမှာ ခုနစ်ကျောင်းလောက် ပြောင်းခဲ့ရပေမယ့် ၁ဝ တန်းအထိ ဆရာဆိုတာ တစ်ယောက်ပဲ တွေ့ခဲ့တယ်။ ဆရာရဲ့ ပုံရိပ်ပျောက်ကွယ် နေတယ်။ ကျွန်တော့်ရဲ့ စိတ်ထဲမှာ အမျိုးသားဆိုတာ ဆရာမလုပ်ရဘူးပေါ့။ ကျောင်းဆရာ မရှိဘူးဆိုတဲ့ အတွေးက လေးတန်းလောက်အထိ ဒီလိုအတွေး မျိုး ဝင်တယ်။ အခုအချိန်အထိ ပညာရေးကျောင်းတွေ၊ အဆင့်မြင့် ပညာရေးကျောင်းတွေ သင်လိုက် ရတော့ အလွန်သဘောကျတယ်။ ဆရာဝါသနာပါတဲ့ ကလေးတိုင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ တုပခြင်းပေါ့။ ပစ္စည်းပစ္စယတွေ ရှေ့မှာချပြီး တုတ်တစ်ချောင်းနဲ့ ငယ်ငယ်က စာသင်တာပေါ့။ ဒါကို အိမ်က မြင်တဲ့အခါ ကျွန်တော့်ရဲ့ အိပ်မက်ကို အားပေးပါတယ်။ ကျွန်တော်ကလည်း ဖြစ်ချင်တာကို ပြောပြပါတယ်။ ကျွန်တော် အမြဲတမ်း ကန်ကြောက် ငြင်းတာက ဒီလို အဖြူအစိမ်းဝတ်ပြီး စာသင်တဲ့ ဆရာ မရှိဘူး ပေါ့။ လေးတန်းလောက်အထိ အဲ့ဒီလို မြင်ခဲ့တာ။ ဒါက ဆရာ့ရဲ့ ပုံရိပ်ကို ငယ်ဘဝမှာ ပျောက်ကွယ်ခဲ့ ရတဲ့အကြောင်းအရင်း တစ်ခုပါ။ 

 

ဆရာစိတ်ရှိဖို့လို


တက္ကသိုလ်ဝင်တန်း အောင်တဲ့အခါ ပညာရေး တက္ကသိုလ်လျှောက်တော့ မမီခဲ့ဘူး။ ပညာရေး ကောလိပ်ကို လျှောက်တယ်။ အဲ့ဒီလို လျှောက်တဲ့ အခါကျတော့ ကျွန်တော့်ရဲ့ ပတ်ဝန်းကျင်က ၁ဝ တန်းအောင်တယ်ဆိုတော့ စပ်စုကြတယ်။ ဂုဏ်ထူး တွေလည်းပါတယ်။ ဘာလျှောက်သလဲ။ ပညာရေး ကောလိပ်လျှောက်တယ်ဆိုတော့ သူတို့ဆီကနေ အံ့သြတဲ့ ဝမ်းနည်းကြေကွဲ တဲ့ အာမေဋိတ်တွေ ထွက်လာကြတယ်။ ဝိဇ္ဇာ၊ သိပ္ပံနဲ့ ပြိုင်လျှောက်တာ တက္ကသိုလ်တော့ မတက်ချင်ဘူး။ ကျောင်းဆရာ ဖြစ်ချင်တယ်။ အခြေခံမှာ ဆရာမဖြစ်ရရင် တက္ကသိုလ်မှာ ဆရာဖြစ်ရမယ်။ 

 

ဝိဇ္ဇာ၊ သိပ္ပံကနေ ဆက်သွယ်တော့ ဘူမိဗေဒကို သဘောကျတယ်။ လေ့လာရေးတွေ ဘာတွေထွက်ရမယ်ဆိုတော့ သဘော ကျတာပေါ့။ ဘူမိ ဗေဒလျှောက်ပြီး တစ်ပတ်လောက်ကြာတော့ ကောလိပ်ဝင်ခွင့်ရတယ်။ နှစ်ဖက်စလုံးက ကြိုးစားရင်တော့ ဆရာ ဖြစ်မယ်။ ဝိဇ္ဇာသိပ္ပံကနေ မာစတာ တက်မယ်။ ဝင်ခွင့်အောင်ရင် ကျူတာဖြစ်မယ်။ ဒီဘက်ကလည်း ကလေးတွေ သင်ရမယ့် ဆရာဖြစ် မယ်။ ကျွန်တော့်ရဲ့ စိတ်အတိုင်းက ပညာရေး ကောလိပ်တက်ရင် မူလတန်းပြ ဖြစ်မယ်၊ ဟိုဘက်ကတော့ ကြိုးစားရင် မြို့ကြီးပြကြီးမှာ ကျူတာဖြစ်မယ်။

 

အမေကတော့ ဆုံးမတယ်။ ဆရာဆိုတာ ဘယ်နေရာပဲဖြစ်ဖြစ် ဆရာစိတ်ရှိဖို့ လိုတယ်။ ဆရာစိတ်ရှိတဲ့သူမှာသာ ဆရာခေါ်ထိုက်တယ်။ တက္ကသိုလ်မှာ ဆရာဖြစ်ရင်လည်း ဆရာစိတ်၊ ဆရာ ဟန်၊ ဆရာမာန် မရှိရင် အလကားပဲတဲ့။ အန္တော အန္တငါးပါးဝင်ပေမယ့် ဆိုင်သာဆိုင် မပိုင်တဲ့သူလို ပေါ့လို့ပြောတဲ့အခါကျမှသာ ကျွန်တော် စိတ်ကို ပြင်နိုင်တာ။ အဖေနဲ့ အမေပြောတဲ့နေ့ကစပြီး သေတ္တာကြီး မပြီး ကောလိပ်ကို သွားခဲ့တာပါပဲ။ ရွေးချယ်မှုလမ်းကြောင်း အများကြီးရှိတယ်။ ကိုယ့် ရဲ့ အိပ်မက်ကိုပဲ ရွေးချယ်ခဲ့တယ်။ ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှု အတော့်ကို ကြောက်ဖို့ကောင်းတယ်။ ပတ်ဝန်းကျင်နဲ့ ဆွေမျိုးနီးစပ်တွေကဟာ၊ ဟင် ဖြစ်ကြတယ်။ နားသာယောင်ခဲ့လိုက်ရင် ဒီလို ဆရာဘဝ ရလာမှာ မဟုတ်ပါဘူး။

 

ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုဆိုတာက ဆရာနိုင်ဇော်ရဲ့ဟောပြောချက်ကို နားထောင်ဖူး ပါတယ်။ မိဘစကားကို နားထောင်ရမယ်။ သို့သော် ဘုရားအလောင်း သိဒ္ဓတ္ထ-မိဘက မသွားပါနဲ့ ဘုရင်ဖြစ်မယ်။ စကြာဝတေးမင်း ဖြစ်မယ်။ မိဘစကားကို နားမထောင်ဘူး။ သို့သော် သုံးလောက ထွတ်ထား ဘုရားဖြစ်တယ်။ မိဘစကားကို နားမထောင်ဘူး။ သို့သော် အကောင်းဆုံးကြိုးစားအားထုတ်နိုင်တဲ့ လုံ့လ ဝီရိယရှိဖို့ လိုအပ်တယ်။ အဲဒီတုန်းက အမေ့ စကားလည်း ထိုနည်းတူစကားပါပဲ။ ဒါက ဆရာ နိုင်ဇော်စကားကို ချိတ်ဆက်တာပေါ့။ 

 

တကယ်ဖြစ်ချင် တကယ်လုပ်ပါ


အဲဒီအခါမှာ ဒီကို ရောက်လာတယ်။ ကောလိပ်တက်တယ်။ ကြိုးစားတယ်။ ကောလိပ် တက်တဲ့အခါ အထက်တန်းပြဖြစ်ချင်လို့ ကြိုးစား တယ်။ မှန်သောစကားပြောရရင် အထက်တန်းပြ ဖြစ်ချင်တာထက် ပညာရေးဆိုတာကို ကောင်း ကောင်း နားလည်သွားချင်တာ။ ကောလိပ်ကပေး တဲ့ သင်ရိုးနှစ်နှစ်သင်တန်းက လုံလောက်မှုရှိ တယ်။ သို့သော် သူများတကာသင်နေတဲ့ ငါးနှစ် သင်တန်းက ဘာတွေများလဲလို့ သိချင်တယ်။ ဒါကြောင့် B.Ed ဘွဲ့ကို ကြိုးစားယူခဲ့တာ။ အခက် အခဲအနေနဲ့က ပတ်ဝန်းကျင်ရဲ့ တိုက်တွန်းမှုကို တွန်းလှန်နိုင်ဖို့အတွက် လူငယ်တွေမှာ သတ္တိ ရှိဖို့ လိုတယ်။ ဆရာဖြစ်ချင်ရင် တကယ်လုပ် အဟုတ်ဖြစ်ရမယ်။ တကယ်ဖြစ်ချင် တကယ် လုပ်ပါ။ တကယ်လည်း ကြိုးစားပါ။ ဒါဆို အောင်မြင်တဲ့သူ ဖြစ်လာမှာပါလို့ ဖြေချင်ပါတယ်။

 

အစီအစဉ်မှူး ။ ။ အခုလက်ရှိမှာ ဆရာတွေ များပြားဖို့ ဘယ်လိုမူဝါဒတွေ ချမှတ်ဆောင်ရွက်ရမလဲဆိုတာ ပြောပြပေးပါ။ 

ဒေါက်တာဝင်းအောင် ။ ။ အခု စကားဝိုင်းမှာ ဆရာကြီးတွေ၊ ဆရာလေးတွေ တင်ပြဆွေးနွေးတာကို နားထောင်တဲ့အခါမှာ ကျွန်တော်စဉ်းစားမိတာကို ပြောချင် ပါတယ်။ ပထမဆုံးအမျိုးသားဆရာ ရှားပါးမှုဆို တဲ့ကိစ္စက မြန်မာနိုင်ငံတစ်ခုတည်းတော့ မဟုတ်ပါ ဘူး။ တစ်က္ဘာလုံးမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲ ဖြစ်ပါတယ်။ သင်ကြားရေးဆိုတဲ့ ပညာ၊ ဆရာ အတတ်ပညာက အမျိုးသမီးကသာပိုပြီး သင့်တော် တဲ့ အတတ်ပညာတစ်ခု ဖြစ်တယ်ဆိုတဲ့ အယူ အဆက နိုင်ငံတော်တော်များများမှာ အခုကစပြီး ကိန်းအောင်းနေတာ ရှိပါတယ်။ ဒါက နိုင်ငံတော် တော်များများက ဒါက မှားယွင်းနေတဲ့ အယူအဆ တစ်ခုဖြစ်လာပါပြီ။ ဒါကိုဖြေရှင်းရင် ဘယ်လို ကောင်းမလဲလို့ ဆွေးနွေးကြတာရှိပါတယ်။ စောစောက ဆရာကြီး ဦးသန်းဦးလည်း ပြောပါ တယ်။ 
အသက်မွေးဝမ်းကျောင်းမှုတစ်ခု ဖြစ်ရမယ်

 

သမိုင်းကြောင်းကို ပြန်ကြည့်ရင်၊ ကမ္ဘာ့ဘဏ် ရဲ့ကိန်းဂဏန်းကို ကြည့်တဲ့အခါမှာလည်း မြန်မာနိုင်ငံမှာ ၁၉၈ဝ ပြည့်နှစ်လောက်က အခြေခံပညာ မူလတန်းကျောင်းမှာဆိုရင် အမျိုးသမီးဆရာက ၅၅ ရာခိုင်နှုန်းပဲရှိတယ်။ အဲဒီကနေ တဖြည်းဖြည်း ပြောင်းလဲလာတာ ၂ဝဝဝ ပြည့်နှစ်ရောက်တဲ့အခါ အမျိုးသမီးရာခိုင်နှုန်းက ၇၅ ရာခိုင်နှုန်း တက်လာတယ်။ အဲဒီကနေ ဆရာကြီး ဦးကိုလေးဝင်းတို့ ပြောတယ်။ လက်ရှိမှာ ၈ဝ ရာခိုင်နှုန်းကျော် ၈၂ ဒသမ ၅ ရာခိုင်နှုန်းလောက် ဖြစ်တယ်ဆိုတော့ ဒီလိုပြောင်းလဲလာတဲ့ အနေအထားမှာ ပထမဆုံး စပြီး ပြောင်းလဲရမှာက ဆရာအတတ်ပညာဆိုတဲ့ teaching profession ကို လူတွေမြင်ထားတဲ့ အမြင် သဘောထားကို ပြောင်းလဲဖို့လိုတယ်။ ဒီလို ပြောင်းလဲနိုင်ဖို့ဆိုရင် ကျွန်တော်ကိုယ်တိုင်ကရော၊ ပညာရေးဝန်ကြီးဌာနကရော၊ ဒီအသက်မွေးဝမ်း ကျောင်းမှုဟာ တကယ်ကို မည်သူမဆိုပေါ့။ ယောကျာ်း၊ မိန်းမ မရွေး မည်သူမဆို တကယ် တတ်မြောက်လို့ရှိရင် ဝင်ပြီး လုပ်ကိုင်ဆောင်ရွက်လို့ သင့်တဲ့ အသက်မွေးဝမ်းကျောင်းမှုတစ်ခု ဖြစ်ရမယ် ဆိုတဲ့ ပုံစံမျိုးလုပ်ဖို့ လိုပါတယ်။

 

အခြားအလုပ်ပြောင်းသွား


လက်ရှိမှာလည်း ဒါနဲ့ပတ်သက်ပြီး ဒါကိုပိုပြီး ခိုင်မာတဲ့ အသက်မွေးဝမ်းကျောင်းမှု တစ်ခုဖြစ် အောင်ဆိုပြီး ဆရာများရဲ့ တတ်ကျွမ်းမှု စံသတ်မှတ် ချက် အòန်းဘောင်တို့၊ ဘာတို့ ပညာရေးဝန်ကြီး ဌာနက ဦးဆောင်ပြီး ရေးဆွဲနေတာရှိပါတယ်။ အဲဒါနဲ့အတူ ဘာကို ပြောင်းလဲရမလဲဆိုရင် မြန်မာ နိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ဆရာတွေရဲ့ လုပ်ငန်းခွင်၊ ရာထူးအဆင့်အတန်း တိုးမြှင့်ရေး သတ်မှတ်ချက်ကိစ္စတွေကို ပြန်ပြီး ပြုပြင်ပြောင်းလဲ ဖို့လိုမယ်၊ ဒါမှသာလျှင် အမျိုးသားဆရာတွေကို ဒီလုပ်ငန်းက ဦးဆောင်နိုင်မှာ ဖြစ်တယ်။ စောစော က ဆရာလည်း မှတ်ချက်ပေးထားတာ ရှိတယ်။ လုပ်ငန်းခွင်ဝင်လာပြီးရင်တောင်မှ မမြဲဘူး။ သူက ရာထူးကလည်း မတက်နိုင်တော့ ဒီဟာကို စွန့်ပြီး အခြားအလုပ်တစ်ခုကို ပြောင်းသွားတဲ့ဆရာတွေ အများကြီးရှိတယ်။ 

 

လမ်းသွယ်လေးတွေ ဖော်ပေးရမယ်

 

ဒါကြောင့်လည်း ကျွန်တော်တို့ရဲ့ ပုံစံက တဖြည်းဖြည်းနဲ့ အမျိုးသမီးဆရာတွေ များလာတဲ့ သဘောဖြစ်နေတယ်။ ဒါကြောင့်မို့ အခြေခံပညာ ပိုင်းရဲ့ ကျောင်းအဆင့် အသီးသီးမှာ တာဝန်ထမ်းဆောင်တဲ့ ဆရာ ဆရာမတွေကို ကျွန်တော်တို့က တစ်တန်းတည်း သဘောထားပြီး ရာထူးအဆင့် သတ်မှတ်ဖို့ လိုပါတယ်။ အမျိုးသားပညာရေးဥပဒေ မှာလည်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ ဘာသာရပ် အသီးသီးကို တန်ဖိုးထားပြီး သင်ကြားနေတဲ့ ဆရာများ အချင်းချင်း ခွဲခြားခြင်း မရှိစေရလို့ ပြဋ္ဌာန်းထား တာလည်းရှိတဲ့အတွက် အဲဒီဥပဒေနဲ့လည်း လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲဖို့ လိုမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရာထူးအဆင့်အတန်း သတ်မှတ်ရုံတင်မဟုတ်ဘဲ ဒီလမ်းကြောင်းကို ရွေးပြီးရင် အခြားဘယ်လမ်းကြောင်းတွေကိုရော ရွေးနိုင်သေးသလဲဆိုတဲ့ လမ်းသွယ်လေးတွေကိုလည်း ဆရာတွေရဲ့ အနာဂတ်လုပ်ငန်းအဆင့် အတန်းသတ်မှတ်မှုအပိုင်းမှာ အပြောင်းအလဲ လေးတွေဖြစ်အောင် လုပ်ချင်တဲ့ဆရာတွေရှိရင်လည်း လုပ်ခွင့်ရအောင် လမ်းသွယ်လေးတွေကို လည်း ကျွန်တော်တို့က ဖော်ပေးရမှာဖြစ်ပါတယ်။ ဒါက သင်ကြားရေးအလုပ်နဲ့ပတ်သက်ပြီး စဉ်းစား ရမယ့် မူအပိုင်းတွေ ဖြစ်ပါတယ်။


(ဆက်လက်ဖော်ပြပါမည်)