ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်သော အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုမြှင့်တင်ရေး သင်တန်းကြိုဆိုပွဲ အခမ်းအနားကျင်းပ

နေပြည်တော်  ၁၃  ဇန်နဝါရီ 

 

နေပြည်တော်ရှိ ဝန်ကြီးဌာနများမှ အရာထမ်းအမှုထမ်းများအတွက် ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်သော အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုမြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၂)ကြိုဆိုပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၃ ရက်နေ့က နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၃)၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများ စွမ်းရည်မြင့်မားစေရေး အထောက်အကူဖြစ်စေရန် ပညာရေးဝန်ကြီးဌာနအနေဖြင့်  တစ်ဖက်တစ်လမ်းမှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ သီတင်း(၁၂) ပတ်ကြာဖွင့်လှစ်သင်ကြားပေးမည့် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၂)ကို တက်ရောက်လာကြသည့် နေပြည်တော်ရှိ ဝန်ကြီးဌာနများနှင့် ပြည်ထောင်စု အဖွဲ့အစည်း(၂၁)ခုမှ သင်တန်းသားသင်တန်းသူ အရာထမ်း(၇၀)ဦး၊ အမှုထမ်း(၅၅)ဦးတို့အား လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ သင်တန်းအမှတ်စဉ်(၁)ကို အရာထမ်း(၅၂)ဦး၊ အမှုထမ်း(၁၀၄)ဦး တို့ဖြင့် ဖွင့်လှစ်နိုင်ခဲ့ပြီး အင်္ဂလိပ်စာကျွမ်းကျင်မှု လက်မှတ်(Certificate of English Language Proficiency) အား ဇန်နဝါရီ ၁၅ ရက်တွင် ပေးအပ်ချီးမြှင့်နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ရာတွင် ပိုမိုထိရောက် အောင်မြင်စေရန်အတွက် မိမိ၏အရည်အသွေးကို မြှင့်တင်နိုင်သည့် အခွင့်အရေးအား မိမိရရဆုပ်ကိုင်ကာ သင်တန်းတက်ရောက်လာကြသော သင်တန်းသား၊ သင်တန်းသူများအား ချီးကျူးဂုဏ်ပြုပါကြောင်း၊ ယနေ့ချိန်ခါသည် နိုင်ငံတော်အနေဖြင့် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံဖြစ်လာစေရန် ပြည်သူနှင့်အတူ လက်တွဲကြိုးပမ်းနေချိန်ဖြစ်ပါကြောင်း၊ ပညာရေး ဝန်ကြီးဌာနအနေဖြင့် လူတိုင်းအကျုံးဝင်သော အရည်အသွေးမြင့်ပညာရေးနှင့် လူတိုင်းအတွက် တစ်သက်တာ သင်ယူမှုအခွင့်အလမ်းကောင်းများကို ဖန်တီးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှုမြှင့်တင်ရေးအတွက် မဟာဘွဲ့၊ ဒီပလိုမာသင်တန်းများကို ယခု ထက်ပိုမိုတိုးမြှင့်ဖွင့်လှစ်သွားမည် ဖြစ်ပါကြောင်း၊ ယခုသင်တန်းသည် သင်တန်းသားသင်တန်းသူများအား တက်ကြွသော၊ ဆန်းသစ်သော အင်္ဂလိပ်ဘာသာစကား လေ့လာသူများဖြစ်လာအောင် မိမိအလုပ်အကိုင် တိုးတက်မှု အခွင့်အလမ်း ရှာဖွေသူများ ဖြစ်လာအောင် ပြောင်းလဲပေးနိုင်မည်ဟု ယုံကြည်ပါကြောင်းစသည်ဖြင့် ပြောကြားသည်။

 

အခမ်းအနားအပြီးတွင် သင်တန်းသားသင်တန်းသူများနှင့် အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြသည်။ ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်သော အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၂)ကို ၁၂-၁-၂၀၁၉ ရက်နေ့မှ ၇-၄-၂၀၁၉ ရက်နေ့အထိ ဖွင့်လှစ်လျက်ရှိပြီး သင်တန်းများကို ဆက်လက်၍ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)

 

DSC_9240.j