ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ဝန်ကြီးဌာနများ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော် ၁၁ ဇန်နဝါရီ 

 

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ဝန်ကြီးဌာနများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှတာဝန်ရှိသူများ၊ ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာန ၁၂ ခုမှ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အမှာစကား ပြောကြားရာတွင် ယခုအစည်းအဝေးမှာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ကြမည့် ဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ မဟာဗျူဟာစီမံကိန်း  (၂၀၁၉-၂၀၂၂) ကို ရေးဆွဲခဲ့ကြောင်း၊ မဟာဗျူဟာစီမံကိန်းကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ၏ ရွေးကောက်ပွဲအလွန် အကြံပြုချက်များအပေါ် သုံးသပ်ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ မဟာဗျူဟာစီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍမှာ အရေးကြီးပါကြောင်း၊ ကော်မရှင်အနေဖြင့် မဲစာရင်းပြုစုခြင်းလုပ်ငန်းများကို ၂၀၁၉ ခုနှစ်မှ စတင် ဆောင်ရွက်လျက်ရှိပြီး ကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနတို့က သုံးဦးသုံးဖလှယ် ဆောင်ရွက်မှသာ မှန်ကန်သည့် မဲစာရင်းရရှိမှာဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းများ ဆောင်ရွက်ရာတွင် စံ (၅) ချက်ဖြစ်သည့် လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်း ဖြစ်စေရေး ဆောင်ရွက်လျက်ရှိရာ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တွင် အဖွဲ့ဝင်များအဖြစ် တာဝန်ထမ်းဆောင်နေသော ဝန်ကြီးဌာနများမှ ဝန်ထမ်းများအနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင် ရွက် စေလိုကြောင်း၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၅ တွင် ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲများတွင် အဖွဲ့ဝင်အဖြစ်သော်လည်းကောင်း၊ ရွေးကောက်ပွဲတာဝန်များကို ထမ်းဆောင်သော ဝန်ထမ်းအဖြစ်သော်လည်းကောင်း ပါဝင်ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ အလားတူ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၇ တွင် တရားဝင်အပ်နှင်းထားသော လုပ်ပိုင်ခွင့်အရ ဥပဒေနှင့်အညီ မိမိတာဝန်ကိုသဘောရိုးဖြင့် စွမ်းဆောင်နိုင်သမျှ ထမ်းဆောင်သော ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်နှင့် ယင်းတို့၏အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲခုံအဖွဲ့နှင့် ရွေးကောက်ပွဲခုံအဖွဲ့ဝင်များ၊ မဲရုံမှူး အပါအဝင် မဲရုံအဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်များအတွက် တရားမှုကြောင်းအရဖြစ်စေ၊ ပြစ်မှုကြောင်းအရဖြစ်စေ တရားစွဲဆိုခြင်း မခံထိုက်စေရဟု ပြဋ္ဌာန်းထားသည့်အတွက် ရွေးကောက်ပွဲလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရဲရဲတင်းတင်း မှန်မှန်ကန်ကန် ဆောင်ရွက်ကြစေလိုကြောင်း၊ မဟာဗျူဟာစီမံကိန်းတွင် အခန်း (၁၁) ခန်းပါဝင်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် ကူညီဆောင်ရွက်ရမည့် ကဏ္ဍများကို သိရှိနေရန်အတွက် ကြိုတင်ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် အပြည့်အဝပူးပေါင်းကူညီ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပါသည်။

 

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် စီစဉ်ဆောင်ရွက်ထားမှုများနှင့် မဟာဗျူဟာ စီမံကိန်းပါ အခန်းများနှင့်စပ်လျဉ်းပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရမည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးဌာနများမှ  တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးအကြံပြုကြပါသည်။ ၎င်းနောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)

 

mdn