ပြည်ထောင်စုပန်းများ ပွင့်လန်းဝေဆာ

နေပြည်တော် ၁၇

ဟေမန္တဆောင်းရာသီကာလမှာ အေးချမ်းသာယာလှသည့် အချိန်အခါ ဖြစ်သည်နှင့်အညီ နိုင်ငံတစ်ဝန်းရှိ သစ်ပင်ပန်းမန်များ ဖူးပွင့်လန်းဆန်း ဝေဆာနေသည်။ လောကဓာတ်တစ်ခွင်၏ ပတ်ဝန်းကျင်အလှများ ဝေဆာနေသကဲ့သို့ ပြည်ထောင်စ ဥယျာဉ်ကြီး အတွင်း၌လည်း ပြည်ထောင်စုပန်းများ ဖူးပွင့်ဝေဖြာနေသည်ကို မြင်တွေ့ရသည်မှာ ဝမ်းမြောက်ကြည်နူးဖွယ်ဖြစ်သည်။

ပြည်ထောင်စုကြီး၏ အမြုတေဖြစ်သည့် လွတ်လပ်ရေးအောင်ပွဲကို ဆင်နွှဲကျင်းပပြီးသည်နှင့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့၊ ကချင် ပြည်နယ်နေ့၊ နာဂရိုးရာနှစ်သစ်ကူးနေ့၊ ကယားပြည်နယ်နေ့ အခမ်းအနား များကို သက်ဆိုင်ရာ ဒေသနယ်မြေတွင် သာမက ပြည်ထောင်စုတစ်ဝန်းတွင် သိုက်သိုက်ဝန်းဝန်းဖြင့် ပျော်ရွှင်စွာကျင်းပခဲ့ကြသည်။ တိုင်းရင်းသား ပြည်သူများနှင့်အတူ နိုင်ငံ့ခေါင်းဆောင်များ လက်ရည်တစ်ပြင်တည်း အတူဆင်နွှဲကြသည်မှာ ဖူးပွင့်လန်းဆန်းဝေဆာနေသော ပြည်ထောင်စု ပန်းဥယျာဉ်ကြီးနှင့် သဏ္ဌာန်တူသည်။

ပြည်ထောင်စု အလှများနှင့်ပတ်သက်၍ “တိုင်းရင်းသား ကိုယ်စီကိုယ်စီ ညီအစ်ကိုမောင်နှမများအားလုံး မိမိတို့၏ ယဉ်ကျေးမှု အလှ၊ မိမိတို့၏ဘာသာစကား၊ မိမိတို့၏ ထုံးတမ်းစဉ်လာ တန်ဖိုးများသည် ပြည်ထောင်စု၏ ပန်းဥယျာဉ်ထဲတွင် ရောင်စုံဖူးပွင့် ဝေဆာနေသည့် အလှ တရားများပင် ဖြစ်ပါကြောင်း” (၆၇)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

ဆက်လက်၍ “ယင်းအလှတရားများ တည်တံ့ခိုင်မြဲစေရန် မိမိတို့အနေဖြင့် ထပ်မံပြီး အလှပေါ် အယဉ်ဆင့် ဆိုသကဲ့သို့ မိမိတို့၏ ဖြူစင်သည့် စိတ်ထား၊ မှန်ကန်သည့်စေတနာ မနောအလှများဖြင့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝပြောစေရန်၊ တစ်နည်းအားဖြင့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ပြီး တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံး၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး နှလုံးစိတ်ဝမ်းအေးချမ်းပြီး နောင်မျိုးဆက် ကာလများတိုင်အောင် ပြည်ထောင်စုကြီး ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲဖွံ့ဖြိုးတိုးတက်အောင် မိမိတို့တိုင်းရင်းသားအားလုံး ဝိုင်းဝန်း တည်ဆောက်ပေးကြရန်” တိုက်တွန်းပြောကြားခဲ့သည်။

အမိပြည်ထောင်စု မြန်မာနိုင်ငံကြီးအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများ၊ မျိုးနွယ်စုကြီးများ၏ အထိမ်းအမှတ်နေ့ များကို အသီးသီးကျင်းပကြခြင်းသည် ပြည်ထောင်စုကြီး၏ သင်္ကေတပင်ဖြစ်သည်။ အသွေးအရောင်စုံလင်စွာဖြင့် မျိုးနွယ်စု အလိုက် ပျော်ရွှင်စွာဆင်နွှဲကြခြင်းသည် ပြည်ထောင်စုကြီး၏ ပုံရိပ်ပင်ဖြစ်သည်။ ပြည်ထောင်စုတစ်ဝန်းတွင် ထိုကဲ့သို့ သင်္ကေတများ၊ ပုံရိပ်များရှိနေသောကြောင့် လှပသည့် ပြည်ထောင်စု ပန်းဥယျာဉ်ကြီးသဖွယ် ဖြစ်တည်နေသည်။ 

ထိုသို့ ကိုယ်စီကိုယ်စီရှိနေသော မျိုးနွယ်အလိုက်၊ လူမျိုးစုအလိုက် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ကိုယ်စီအလှများဖြင့် ပိုမို ကောင်းမွန်သော ပြည်ထောင်စုကြီး ဖြစ်ပေါ်လာအောင် အလှတန်ဆာ ဆင်ယင်ကြဖို့ လိုအပ်ပေသည်။ ပြည်ထောင်စု၏ ဥယျာဉ်မှူးအနေဖြင့် ပန်းပေါင်းစုံဖူးပွင့်ဝေဆာနေသည့် ပြည်ထောင်စုပန်းဥယျာဉ်ကြီး ဖြစ်ထွန်းအောင် ပေါင်းသင်၊ မြေဆွ၊ ပြုစုပျိုးထောင်ရမည့် အလုပ်များကို ကျေပွန်စွာ ဆောင်ရွက်နေသည်။ မြေပြန့်နှင့် တောင်ပေါ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး မခွဲခြားဘဲ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းအားထုတ်နေသည်။

ပန်းပေါင်းစုံဥယျာဉ်အတွင်း ရှင်သန်နေသော ပန်းတိုင်းပန်းတိုင်းတွင် အလှကိုယ်စီရှိကြသည်။ ထိုအလှများ ရှင်သန်စေရန်အတွက် အညီအမျှ ဖြည့်ဆည်းပေးနေသည်။ ယင်းအလှတရားများသည် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်းစဉ်လာများနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုများဖြစ်သည်။ ယင်းတို့ကို မြှင့်တင်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပေးမှသာ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲနေမည်။ ထိုဆောင်ရွက်မှုများကို ယနေ့မြင်တွေ့နေရသည်။

သို့ဖြစ်ရာ ပန်းပေါင်းစုံဖူးပွင့်ဝေဆာနေသည့် ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းသာယာပြီး တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံး၏ လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး၊ အေးချမ်းစွာရပ်တည်ပြီး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး နေထိုင်နိုင်ရေး၊ ပြည်ထောင်စုကြီး ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားအားလုံး ဝိုင်းဝန်းလက်တွဲ ပါဝင်ဆောင်ရွက်ကြပါရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါသည်။   ။