ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဟာဗျူဟာစီမံကိန်း ( ၂၀၁၉- ၂၀၂၂ )

mdn

သတင်းဆောင်းပါး - သူရိန်ထွန်း(ဥပဒေ)

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်စေရေးဟူသော စံငါးချက်နှင့် အညီ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ မဟာဗျူဟာစီမံကိန်း ၂၀၁၉-၂၀၂၀ ကို ရေးဆွဲခဲ့ပြီးဖြစ်ပါသည်။ မဟာဗျူဟာစီမံကိန်းကိုရေးဆွဲရာတွင် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့များ၏ ရွေးကောက်ပွဲအလွန် အကြံပြုချက်များအပေါ် သုံးသပ်၍ ရေးဆွဲထားခြင်း ဖြစ်ပါသည်။

မဟာဗျူဟာစီမံကိန်းတွင် ၁၁ ခု ပါဝင်ပြီး အောက်ပါအတိုင်းဖြစ်ပါသည်- 


(၁) မဟာဗျူဟာစီမံကိန်း(၁)။ ဥပဒေရေးရာ မူဘောင်နှင့် လွှတ်တော်ဆက်ဆံရေး၊ 


(၂) မဟာဗျူဟာစီမံကိန်း(၂)။ ဝန်ထမ်းများ၏ ကျွမ်းကျင်မှု စွမ်းရည်မြှင့်တင်ဆောင်ရွက်ရေး၊ 


(၃) မဟာဗျူဟာစီမံကိန်း(၃)။ ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင် စာရင်းပြုစုခြင်းနှင့် ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ (၄) မဟာဗျူဟာစီမံကိန်း(၄)။ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုများ၊ 


(၅) မဟာဗျူဟာစီမံကိန်း(၅)။ ပြည်သူလူထုနှင့် မဲဆန္ဒရှင် အသိပညာပေးခြင်း၊ 


(၆) မဟာဗျူဟာစီမံကိန်း(၆)။ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း စဉ်အဆင့်ဆင့်တွင် ပေါ်ပေါက် လာနိုင်သည့် အငြင်းပွားမှုများ၊ တိုင်ကြားမှုများနှင့် ကန့်ကွက်မှု များကို ဖြေရှင်းခြင်း၊ 


(၇) မဟာဗျူဟာစီမံကိန်း(၇)။ ကဏ္ဍစုံမှ ပါဝင်ပတ်သက်မှုများ နှင့် ဆက်ဆံခြင်း၊ 


(၈) မဟာဗျူဟာစီမံကိန်း(၈)။ အားလုံးပါဝင် ဆောင်ရွက်မှု မြှင့်တင်ခြင်း၊ 


(၉) မဟာဗျူဟာစီမံကိန်း(၉)။ နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ လိုက်နာဆောင်ရွက် ခြင်းနှင့် မဲဆွယ်စည်းရုံးရေး အသုံးစရိတ်၊ 


(၁၀) မဟာဗျူဟာစီမံကိန်း(၁၀)။ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာခြင်း၊ 


(၁၁) မဟာဗျူဟာစီမံကိန်း(၁၁)။ စဉ်ဆက်မပြတ် လေ့လာ စောင့်ကြည့်ခြင်း၊ စိစစ် သုံးသပ်ခြင်းနှင့် စီမံကိန်း ရေးဆွဲခြင်းတို့ ဖြစ်ပါသည်။ မဟာဗျူဟာစီမံကိန်းတွင် ရွေးကောက်ပွဲစက်ဝန်းလုပ်ငန်းစဉ်များကို လည်း အောက်ပါအတိုင်း ရေးဆွဲထားပါသည်

 

mdn

မဟာဗျူဟာမျှော်မှန်းချက်၊ တာဝန်နှင့် လိုက်နာဆောင်ရွက်မည့် အခြေခံမူများ မျှော်မှန်းချက် 

စစ်မှန်ခိုင်မာသော ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရေးအတွက် ရွေးကောက်ပွဲများကို လွတ်လပ်၍ တရားမျှတပြီး တူညီသော အခွင့်အရေးဖြင့် ဘက်လိုက်ခြင်းမရှိဘဲ ပွင့်လင်းမြင်သာစွာ ကျင်းပပေးခြင်းဖြင့် အများယုံကြည် လက်ခံလာစေရန်။

တာဝန် 

ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသော အခွင့်အာဏာအရ လွတ်လပ်၍ တရားမျှတသော ဘက်မလိုက်သည့် ရွေးကောက်ပွဲများ ကျင်းပ နိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ အဖွဲ့ဝင်များ ၏ စွမ်းဆောင်မှု အရည်အသွေးမြှင့်တင်ပေးခြင်း၊ ပြည့်စုံမှန်ကန်သော မဲစာရင်း များ ပြုစုခြင်း၊ မဲဆန္ဒရှင်များအား ပညာပေးခြင်း၊ နိုင်ငံရေးပါတီများ၊ လူမှုရေး အဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ကာ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများအား ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုဆောင်ရွက်ရမည်။ လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲများ ကျင်းပနိုင်ရေးအတွက် ပံ့ပိုး ကူညီပေးရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

လိုက်နာဆောင်ရွက်မည့်အခြေခံမူများ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ စီမံဆောင်ရွက်ရာတွင် အောက်ပါအခြေခံသဘောတရားများအပေါ် မူတည်၍ စိတ်ဓာတ်ရေးရာ ရင့်ကျက်မှုနှင့် လုပ်ငန်းကျွမ်းကျင်မှု၊ တာဝန်ယူမှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါသည်။

၁။လွတ်လပ်၍ အမှီအခိုကင်းခြင်း 

ရွေးကောက်ပွဲလုပ်ငန်းစဉ်များ စီမံဆောင်ရွက်ရာတွင် ပြင်ပလွှမ်းမိုးမှု မရှိစေဘဲ အမှီအခိုကင်းစွာဖြင့် လွတ်လပ်စွာ စီမံဆောင်ရွက်ခြင်း၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတစ်ခုခု၏ လွှမ်းမိုးမှုမရှိဘဲ ဆောင်ရွက်ခြင်း။

၂။တရားမျှတခြင်း 

မည်သည့်ပါတီ၊ လူပုဂ္ဂိုလ်တစ်ဦးဦးကိုမျှ ဘက်လိုက်ခြင်းမရှိဘဲ ဥပဒေနှင့် အညီ ကြီးကြပ်ဆောင်ရွက်ခြင်း။

၃။ပွင့်လင်းမြင်သာမှုရှိခြင်း 

ရွေးကောက်ပွဲဆိုင်ရာ မူဝါဒများ၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် ရွေးကောက်ပွဲများ ကျင်းပရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန် ဆောင်ရွက်ခြင်း။

၄။တာဝန်ခံ၊ တာဝန်ယူစိတ်ဖြင့် ဆောင်ရွက်ခြင်း 

ရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်သည် တာဝန် ခံမှု၊ တာဝန်ယူမှုဖြင့် ဆောင်ရွက်ခြင်း။

၅။ တီထွင်ကြံဆတွေးခေါ်ခြင်း 

ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အစဉ်အမြဲ ခိုင်မာရှင်သန်စေရန် တိုးတက် သော ခေတ်မီနည်းပညာများကို လေ့လာအသုံးပြု၍ တီထွင်ကြံဆတွေးခေါ်

၆။ပြည်သူများ၏ ယုံကြည်ကိုးစားမှုရှိခြင်း 

ရွေးကောက်ပွဲများနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များအပေါ် ပြည်သူများ၏ ယုံကြည်ကိုးစားမှု မြင့်မားစေရန် တည်ဆဲဥပဒေများနှင့်အညီ စီမံဆောင်ရွက်ခြင်း၊ ပြည်သူအားဥပဒေနှင့်အညီ ဆောင်ရွက်နေကြောင်းသိရှိရန် အသိပေးခြင်း။

၇။ဂုဏ်သိက္ခာပြည့်ဝခြင်း 

ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်လျှောက်တွင် တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလူမျိုးစုများနှင့် လူမှုအဖွဲ့အစည်းများ၊ ပြည်သူ များ ပူးပေါင်းပါဝင်ဆောင်ရွက်သည့် လွတ်လပ်၍ တရားမျှတသော၊ သိက္ခာ ရှိသော ရွေးကောက်ပွဲများကို ကျင်းပပေးခြင်းဖြင့် ဒီမိုကရေစီအဆောက်အအုံ များ ဖွံ့ဖြိုးတိုးတက်ခိုင်မာလာစေခြင်း။

ဤမဟာဗျူဟာစီမံကိန်း ရေးဆွဲရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၁၇ ခုနှစ်တွင် စီမံကိန်းရေးဆွဲရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး မဟာဗျူဟာပန်းတိုင်အသစ်များချမှတ်၍ သက်ဆိုင်ရာအခန်း အလိုက် လုပ်ငန်း စဉ်ရေးဆွဲရေးအတွက် အဖွဲ့များဖွဲ့စည်းခဲ့ပြီး မဟာဗျူဟာပန်းတိုင်၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များနှင့် အညွှန်းပြကိန်းများကို သတ်မှတ် ရေးဆွဲထားခြင်းဖြစ်ပါသည်။

မဟာဗျူဟာစီမံကိန်းအရ ၂၀၁၉ ခုနှစ်သည် မဲစာရင်းပြုစုရေးနှစ် ဖြစ်ပါသည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရာ၌ လုပ်ငန်းစဉ်များကို တစ်ပြေးညီ ဆောင်ရွက်ရေးနှင့် နထခနူ ဖြင့် မဲစာရင်းဖြည့်သွင်းခြင်းကို လေ့ကျင့်သင်ကြား ပေးနိုင်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် International Foundation for Electoral Systems(IFES)  အဖွဲ့တို့ပူးပေါင်း၍ မဲစာရင်း ပြုစုခြင်းသင်တန်းကို ၉-၁-၂၀၁၉ ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော် ရှိ Grand Amara Hotel တွင် ဖွင့်လှစ်ခဲ့ပြီး ၁၁-၁-၂၀၁၉ ရက်နေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲအရာရှိများ၊ ခရိုင်ရွေးကောက်ပွဲ အရာရှိများအပါအဝင် သင်တန်းသား သင်တန်းသူ ၁၄၇ ဦးအား သင်ကြား လေ့ကျင့်ပြီး ဖြစ်ပါသည်။ အဆိုပါ သင်တန်းသားများအနေဖြင့် သင်တန်း ပြီးဆုံးပြီးနောက် မိမိတို့တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မဲစာရင်းပြုစုမည့် အဖွဲ့များကို ဆင့်ပွားသင်တန်းများ ပြန်လည်သင်ကြားပို့ချပေးရမည်ဖြစ်၍ ကျွမ်းကျွမ်းကျင်ကျင်ဖြစ်အောင် လေ့ကျင့်သင်ကြားပြီးလည်း ဖြစ်ပါသည်။ မဟာဗျူဟာစီမံကိန်းရေးဆွဲရာတွင်လည်းကောင်း၊ စာအုပ်ထုတ်ဝေရာတွင် လည်းကောင်း၊ မဲစာရင်းပြုစုခြင်း သင်တန်းဖွင့်လှစ်ရာတွင်လည်းကောင်း၊ မဲစာရင်းဆိုင်ရာ အချက်အလက်များကို Excel ဖြင့် ဆောင်ရွက်ပြီး အသစ် ရေးဆွဲမည့် Sသ်အတမေန ပြုလုပ်ရာတွင်လည်းကောင်း အစစအရာရာ ကူညီဆောင်ရွက်ပံ့ပိုးပေးခဲ့သော International Foundation for Electoral Systems (IFES) အဖွဲ့ကို ဂုဏ်ပြုမှတ်တမ်းတင်ရမည် ဖြစ်ပါ သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အား သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပူးပေါင်းပါဝင်ကူညီဆောင်ရွက် ပေးရန်လည်း လိုအပ်ပါသည်။ ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ဝန်ကြီးဌာနများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၁၁-၁-၂၀၁၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ရွေးကောက်ပွဲ နှင့်သက်ဆိုင်သည့် ဝန်ကြီးဌာန ၁၂ ခုမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက “ယခုအစည်းအဝေးမှာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင် စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ကြမည့် ဝန်ကြီးဌာန များနှင့် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ မဟာဗျူဟာစီမံကိန်း ၂၀၁၉- ၂၀၂၂ ကို ရေးဆွဲခဲ့ကြောင်း၊ မဟာဗျူဟာစီမံကိန်းအား အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍမှာ အရေးကြီးပါကြောင်း၊ ကော်မရှင်အနေဖြင့် မဲစာရင်းပြုစုခြင်း လုပ်ငန်းများကို ၂၀၁၉ ခုနှစ်မှ စတင်ဆောင်ရွက်လျက်ရှိပြီး ကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတို့က သုံးဦး သုံးဖလှယ် ဆောင်ရွက်မှသာ မှန်ကန်သည့် မဲစာရင်းရရှိမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် အပြည့်အဝ ပူးပေါင်းကူညီဆောင်ရွက် ကြစေလိုကြောင်း” ပြောကြားသွားပါသည်။ 

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဟာဗျူဟာ စီမံကိန်း ၂၀၁၉-၂၀၂၂ ရေးဆွဲလျက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ သည်။ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပါဝင်သက်ဆိုင်သူအားလုံးတို့က ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း တင်ပြအပ်ပါသည်။