ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ရခိုင်ပြည်နယ်အတွင်းရှိ ဥပဒေအရာရှိများအား လုပ်ငန်းဆိုင်ရာများ မှာကြား

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ဒီဇင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီက ရခိုင်ပြည်နယ်အတွင်းရှိ ဥပဒေအရာရှိများအား ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံး၌ တွေ့ဆုံပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။ 

 

ထိုသို့တွေ့ဆုံမှာကြားရာ၌ ဥပဒေအရာရှိများအနေဖြင့် တရားစွဲနှင့် အမှုလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် မျှတသည့် တရားစီရင်ရေးဆိုင်ရာစံနှုန်းများကို လိုက်နာကျင့်သုံး၍ အများပြည်သူတို့၏ ဥပဒေဆိုင်ရာ အခွင့်အရေးများကို ကာကွယ်စောင့် ရှောက်ရမည်ဖြစ်ကြောင်း။

 

တရားမစွဲမီ ဥပဒေအကြံပေးရာ၌ ပြည့်စုံမှန်ကန်ရေး၊ အမှုလိုက်ပါဆောင်ရွက်ရာတွင် သက်သေခံချက်များ ပြည့်ပြည့်စုံစုံတင်ပြရေးနှင့် ပေါ်ပေါက်သည့် သက်သေခံချက် များနှင့်အညီ ငြိစွန်းသည့်ဥပဒေဖြင့် ပြစ်မှုထင်ရှားစီရင်နိုင်ရေးတို့ကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများကို အဂတိကင်းရှင်းစွာဖြင့် ဥပဒေအရာရှိကျင့်ဝတ်နှင့်အညီ ကျေပွန်စွာဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။

 

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်နယ်ဥပဒေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်ဥပဒေချုပ်ရုံးနှင့် စစ်တွေခရိုင်အတွင်းရှိ ဥပဒေအရာရှိများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

 

ဒီဇင်ဘာ ၂၃ ရက် နံနက်  ၁၁ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ရခိုင်ပြည်နယ် မောင်တောမြို့၌ ကျင်းပသည့် မောင်တောခရိုင်ဥပဒေရုံးသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားပြီး ဥပဒေရုံးသစ်ကို ရခိုင်ပြည် နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာ ရည်ဖြင့် ပက်ဖျန်းပေးကြသည်။ 

 

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုရှေ့နေချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် ဝန်ထမ်းများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာတို့ကို မြှင့်တင်ပေးနိုင်ရန်အတွက် ရုံးအဆောက်အဦများနှင့် ဝန်ထမ်း အိမ်ရာများကို တိုးချဲ့ တည်ဆောက်ပေးလျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာ ရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်သန်း (၉၀ ဒသမ ဝ၀၅) ဖြင့် မောင်တောခရိုင် ဥပဒေရုံးသစ် တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့သည့်အပေါ် ပြည်နယ်အစိုးရနှင့် တာဝန်ရှိသူများကို ကျေးဇူးတင်ရှိပါကြောင်း။

 

ယခုအခါ ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ်အထိ ဥပဒေရုံး ၂၄ ရုံး၊ ဝန်ထမ်း အိမ်ရာ ၁၃ လုံး တည်ဆောက်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ တည်ဆောက်ဖွင့်လှစ်ခဲ့သော ဥပဒေရုံးနှင့် အိမ်ရာများကို မပျက်မစီးအောင် ဝန်ထမ်းများအနေဖြင့် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မောင်တောခရိုင်၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက် ခိုက်ခံရမှုဖြစ်စဉ်တွင် မောင်တောခရိုင်ရှိ ဥပဒေရုံးဝန်ထမ်းများသည် မြို့နယ်အုပ်ချုပ် ရေးအဖွဲ့နှင့်အတူ အချိန်ပြည့် ပူးပေါင်းဆောင်ရွက်ခဲ့သည့်အပြင် အမှုများ မြန်မြန်ဆန်ဆန် စစ်ဆေးစီရင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်ကို ချီးကျူးဂုဏ်ပြုပါကြောင်း၊ တာဝန်ကျရာ ဒေသတွင် အများပြည်သူအကျိုးအတွက် တာဝန်နှင့် ဝတ္တရား များကိုကျေပွန်စွာ ထမ်းဆောင်ကြရမည် ဖြစ်ပါကြောင်း မှာကြားသည်။ 

 

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဥပဒေအရာရှိ၊ ခရိုင်နှင့် မြို့နယ်များမှ ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြသည်။ 

 

(သတင်းစဉ်)