ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မြန်မာဂန္ထဝင်အတွဲ ၁၀၀ စာစဉ်နှင့် မြန်မာ့စွယ်စုံကျမ်း ပြန်လည်ထုတ်ဝေရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်မှာကြား

မြန်မာဂန္ထဝင်အတွဲ ၁၀၀ စာစဉ်နှင့် မြန်မာ့စွယ်စုံကျမ်း ပြန်လည်ထုတ်ဝေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မြန်မာဂန္တဝင်အတွဲ ၁၀၀ စာစဉ်  အတွဲသုံးတွဲကို အချိန်ယူဆောင်ရွက်ခဲ့ပြီး အောင်မြင်စွာ ထုတ်ဝေနိုင်ခဲ့ပါကြောင်း၊   စာအုပ်များကို စိတ်ဝင်စားသူ များပြားပြီး ဝယ်ယူမှုလည်း များပြားပါကြောင်း၊ နောက်ထွက်ရှိလာမည့် အတွဲ ၄ ၊ အတွဲ ၅၊ အတွဲ ၆ တို့ ထွက်ရှိမည့်အချိန်ကို စာဖတ်သူများက စောင့်မျှော်နေသည့်အတွက် ၂၀၁၉ ခုနှစ်အတွင်း ထုတ်ဝေနိုင်ရေး ကြိုးစားသွားရန်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသူများက တာဝန်ယူဆောင်ရွက်နေသည့် ကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှု၊ လုပ်ငန်းဆောင်ရွက်စဉ် ကြုံတွေ့ရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက  ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

မြန်မာဂန္ထဝင်အတွဲ ၁၀၀ စာစဉ် စတုတ္ထတွဲ၌ လယ်တီပဏ္ဍိတ ဦးမောင်ကြီး ရေးသားသည့်  တပင်ရွှေထီးဝတ္ထုနှင့် ရွှေစြက်ာဦးစိုးမြင့်ရေးသားသည့် နားခံတော် ဝတ္ထုတို့ပါဝင်မည်ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ထွက်ရှိနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ မြန်မာဂန္ထဝင်အတွဲ ၁၀၀ စာစဉ်များကို တစ်လလျှင် နှစ်တွဲနှုန်းဖြင့် ထွက်ရိှနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ပြီး မြန်မာဂန္ထဝင်အတွဲ ၁၀၀ စာစဉ်၏  နောက်ဆုံးတွဲတွင် ၂၀ ရာစုစာပေ ညွန့်ပေါင်းဆိုသည့်အတွဲကို ထူးခြားချက်တစ်ရပ်အဖြစ် ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  

 

မြန်မာ့စွယ်စုံကျမ်းပြန်လည်ထုတ်ဝေရေးတွင် တည်ပုဒ်  က မှ အ အထိမြန်မာ့ စွယ်စုံကျမ်း ၂၅ တွဲတွင် တည်ပုဒ် ၃၉၆ ပုဒ်ကို ပထမတွဲအဖြစ် ဖွဲ့စည်းထားသည့် မူကြမ်းစာအုပ်မှာ ဘာသာရပ်အလိုက် ပညာရှင်များထံ ဖြန့်ဝေစစ်ဆေးမှုများပြုလုပ်လျက်ရှိရာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း ထွက်ရှိနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ 

 

(သတင်းစဉ်)