ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

နေပြည်တော်  ၁၉  ဇန်နဝါရီ 

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်သည် ယမန်နေ့မွန်းလွဲ ၃ နာရီခွဲတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ ကျိန်စမ်းကျော့ ယာယီအဝင်အထွက်ဂိတ် အသုံးပြုနေမှုကို ကြည့်ရှု စစ်ဆေးပြီး ကျိန်စမ်းကျော့ ကျောက်တိုင်ကွင်းရှိ ခြံပိုင်ရှင်ဦးမိုးစက်၏ ပြည်ပသို့ တင်ပို့ရောင်းချရန် မွေးမြူထားသည့် နွားခြံများကို ကြည့်ရှုစစ်ဆေးသည်။

 

ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် မူဆယ်မြို့ရှိ မြန်မာ - တရုတ် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် မန့်ဝိန်းဂိတ်၊ နန်းတော်ဂိတ်နှင့် ဆင်ဖြူရှင်ဂိတ်များကို ကြည့်ရှုစစ်ဆေးပြီး နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်ချောမွေ့ရေးအတွက် လုပ် ဆောင်ရမည့် အစီအမံများ၊ ကုန်တင်မော်တော်ယာဉ်ကြီးများ ပိတ်ဆို့မှုမရှိရေး ဆောင်ရွက်သွား ကြရန် တာဝန်ရှိသူများကို မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ - တရုတ် ကုန်သွယ်မှုအတွက် အသစ် ထပ်မံဖွင့်လှစ်မည့် ဟိုဆောင်ဂိတ်၌ နယူးစတားလိုက်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာက ဂိတ် တည်ဆောက် ပြီးစီးနေမှုကို ရှင်းလင်းတင်ပြရာ ဂိတ်အသစ် မြန်ဆန်စွာ ဖွင့်လှစ်နိုင်ရေးအတွက် မိမိဘက်မှ လုပ်ငန်းများ မြန်မြန်ဆန်ဆန် ဆောင်ရွက်သွားကြရန် မှာကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မင်္ဂလာမူဆယ်လမ်းလျှောက်ဈေးရှိ Information Centre အစည်းအဝေးခန်းမ၌ မင်္ဂလာမူဆယ်နှင့် နယူးစတားလိုက်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ က မြန်မာ - တရုတ် ကုန်သွယ်မှုပြုရန် ဂိတ်အသစ်တစ်ခု တည်ဆောက်ပြီးစီးနေမှုနှင့် မင်္ဂလာ မူဆယ်လမ်းလျှောက်ဈေး တည်ဆောက်ပြီးစီးမှုတို့ကို ရှင်းလင်းတင်ပြရာ လိုအပ်သည်များကို မှာကြားသည်။ 

 

(သတင်းစဉ်)