ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး စကားဝိုင်းဆွေးနွေးပွဲ စစ်တွေ၌ကျင်းပ

စစ်တွေ  ၂၇  နိုဝင်ဘာ 
 
ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)၏ နိုင်ငံရေးပါတီများအစု အဖွဲ့မှ ပြည်သူသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ တင်ပြဆွေးနွေးခြင်းနှင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။
 
 
စကားဝိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) ဒုတိယဥက္ကဌ ဦးသုဝေက UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့နှင့် ရခိုင်ပြည်နယ်တွင် နေထိုင်ကြသည့် ပြည်သူများ တွေ့ဆုံဆွေးနွေး ညှိနှိုင်းကြမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကို ဆောင်ရွက်ရာတွင် အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အစည်းများမှ ငြိမ်းချမ်းရေးအစီအစဉ်များကို မည်သို့ဆောင်ရွက်မည်၊ မည်သို့ရေးဆွဲမည်၊ မည်သို့သောဥပဒေ၊ စည်းကမ်း၊ နည်းလမ်းများဖြင့် လုပ်ဆောင်မည်ကို ဝိုင်းဝန်းရေးဆွဲကြပြီး ရေးဆွဲထားသည့်အတိုင်း ကြိုးပမ်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ မိမိတို့ရေးဆွဲထားသည့်အတိုင်း ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် ငြိမ်းချမ်းရေး အလားအလာသည် ပိုမိုပြီးကောင်းမွန်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရလျှင်လည်း ပိုမိုခိုင်ခိုင်မာမာ ဖြစ်မည်ဖြစ်ကြောင်း၊ ယခုလို ဆွေးနွေးရာတွင်လည်း အတိတ်ကဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်များကို အခြေခံထားပြီး ထိုဖြစ်စဉ်များကို ပြန်လည်ထောက်ပြ နေမည့်အစား ငြိမ်းချမ်းရေးကို ဆွေးနွေးကြသည့်အခါ အတိတ်ကို သင်ပုန်းချေပြီး ရှေ့ဆက်လုပ်ဆောင်သွားမည်ဆိုလျင် ပိုမိုပြီးကောင်းမွန်မည်ဖြစ်ကြောင်း ပြောကြားသည်။
 
ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူး ဦးမင်းကျော်ဇေယျာဦးက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
 
ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူး ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက အရပ်ဘက် လူမှုအဖွဲ့အစည်းများဖိုရမ် (CSOs Forum) လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးကြသည်။
 
မွန်းလွဲပိုင်းတွင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ခေါင်းစဉ်ဖြင့် UPDJC  အတွင်းရေးမှူး ဦးလှမောင်ရွှေ၊ စာရေးဆရာ ဦးမောင်မောင်စိုး၊ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာနမှ ကတိက ဒေါက်တာစိုင်းခိုင်မျိုးထွန်းနှင့် ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော တို့က ဆွေးနွေးကြရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို ပြန်လည်ဆွေးနွေး မေးမြန်းကြသည်။
 
အဆိုပါဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ စစ်တွေမြို့ မြို့မိ၊ မြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများတက် ရောက်ကြသည်။
 
တင်ထွန်း(ပြန်/ဆက်)