ရေဒီယိုသီချင်းများကို နားဆင်ချင်သူများအတွက် ရေဒီယိုခေတ် ရွှေသီချင်းများဖြင့် ဖျော်ဖြေမည့် ဖျော်ဖြေပွဲတစ်ခု ကျင်းပမည်

ရေနံချောင်းမြို့နယ်အသင်း (ရန်ကုန်) ကစီစဉ်၍ ရေနံ့သာကြယ်ပွင့်သုံးဦးဖြစ်သော ရေနံ့သာစိုးလှိုင်၊ ကိုတင်လှိုင်နှင့် ရေနံ့သာဝင်းမောင်တို့အား ဂုဏ်ပြုတင်ဆက်သည့် ရေဒီယိုခေတ် ရွှေဖြစ်ခဲ့သောသီချင်းများ ဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၃ ရက် ညနေ ၆ နာရီတွင် အမျိုးသားကဇာတ်ရုံ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဖျော်ဖြေပွဲအတွက် စာနယ်ဇင်းမိတ်ဆက်ပွဲကို ရေနံချောင်းဓမ္မာရုံ ခေမာ သီဝံတိုက်(ရဲဓမ္မာရုံအနီး)၌ ကျင်းပခဲ့သည်။ “ဒီပွဲလေးကနေရတဲ့ အကျိုးအမြတ်တွေကို ကျွန်တော်တို့ လှူသွားမှာပါ၊ ဒီဖျော်ဖြေပွဲကြီးမှာ ကျွန်တော့်သီချင်းလေးတွေ ပါဝင်မယ်၊ သင်္ကြန်သီချင်းလေးတွေပေါ့နော်၊ သီချင်းပုံစံလေးတွေက အခုခေတ် ကလေးတွေလည်းကြိုက်မယ့် ပုံစံလေးတွေပါမယ်၊ ပြီးတော့ ကျွန်တော်တို့က အသက်ကလည်း ရလာပြီဆိုတော့ ကျွန်တော်တို့ အသက်အရွယ်တွေကြိုက်မယ့် ပုံစံလေးတွေလည်း ဆိုသွားမှာပါ” ဟု ရေနံ့သာစိုးလှိုင်က ပြောသည်။

ဖျော်ဖြေပွဲတွင် ရေနံ့သာကြယ်ပွင့် အဆိုတော်သုံးဦးနှင့်အတူ ဂရေဟမ်၊ ရဲတိုက်၊ မိုးထက်မြင့်၊ ကော်နီ၊ ချောစုခင်၊ သဲနုဝါ၊ စိမ်းလဲ့လဲ့နှင့် မေသက်ထားဆွေတို့လည်း ပါဝင်သီဆိုကြမည်ဖြစ်ပြီး ရန်ပိုင်စိုးနှင့် အရိုင်းတို့က အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်မည်ဖြစ်ကြောင်းနှင့် ပွဲအတွက် လက်မှတ်ဈေးနှုန်းများကို ကျပ်သုံးသောင်း၊ နှစ်သောင်း၊ တစ်သောင်းနှင့် ခုနစ်ထောင် သတ်မှတ်ထားကာ ရေနံချောင်းအသင်းတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

ကိုလင်း