ရခိုင်ပြည်နယ် ဆင်ခြေထောက်ရောဂါကင်းဝေးရေး သန်ချဆေးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်း ပြည်နယ်အဆင့် အသိပညာပေး ဆွေးနွေးပွဲကျင်းပ

စစ်တွေ   ၁၄  ဇန်နဝါရီ 

 

ရခိုင်ပြည်နယ် ဆင်ခြေထောက်ရောဂါကင်းဝေးရေး သန်ချဆေးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်း ပြည်နယ်အဆင့် အသိပညာပေး ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာက ဆင်ခြေထောက်ရောဂါကင်းဝေးရေး သန်ချဆေးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်းကို ယခင်နှစ်များတွင် တိုက်ကျွေးခဲ့ကြောင်း၊ ဆေးတိုက်ကျေးရန်အတွက် ဒေသအာဏာပိုင်များ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူ များကို ပညာပေးဆွေးနွေးဟောပြောရန်လိုကြောင်းနှင့် မိမိတို့အစိုးရအဖွဲ့အနေဖြင့် အပြည့်အဝ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများ၊ INGO များ၊ NGOများ၊ လူမှုရေးအဖွဲ့အစည်းများ အနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သည့်အတွက် ဆင်ခြေထောက်ရောဂါကင်းဝေးရေးအတွက် အသိပညာများဖြန့်ဝေပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

 

ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်က ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး သန်ချဆေးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ မြို့နယ်ဆရာဝန်များက ဆေးတိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြကြကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် ဆင်ခြေထောက်ရောဂါကင်းဝေးရေးစီမံချက်ဖြင့် လူအားလုံးဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၃၁ ရက်နေ့ထိ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၂ ခု၊ ခရိုင် ၃၂ ခရိုင်နှင့် မြို့နယ် ၂၀ဝ တွင် ဆင်ခြေထောက်ရောဂါကင်းဝေးရေး သန်ချဆေးပေါင်း တိုက်ကျွေးသွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် စစ်တွေခရိုင်နှင့် မြောက်ဦးခရိုင်တို့တွင် တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါဆေးကို (၂)နှစ်ကလေးများ၊ ကိုယ်ဝန်ဆောင်များနှင့် ရောဂါတစ်ခုခုခံစားနေရသူများကို ဆေးတိုက်ကျွေးခြင်း ပြုမည်မဟုတ်ကြောင်း သိရသည်။ 

 

တင်ထွန်း(ပြန်/ဆက်)

 

111