ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာကုသဆောင်သစ်  ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်  ၁၃  ဇန်နဝါရီ


ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာကုသဆောင်သစ် (၅)ထပ်အဆောက်အဦ (Oncology Ward) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အထောက်အကူပြုကော်မတီ နာယက ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပါမောက္ခချုပ်/ ရန်ကုန်ပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာရီရီမြင့်နှင့် ဒေါက်တာမြင့်မြင့်အေး တို့က ကင်ဆာကုသဆောင်သစ် (၅)ထပ် အဆောက်အဦကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထောက်အကူပြုကော်မတီ နာယက ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်းနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့က ကင်ဆာကုသဆောင်သစ်  (၅)ထပ်အဆောက်အဦ ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကင်ဆာရောဂါ ဝေဒနာခံစား နေရသော ဝေဒနာရှင်များအနေဖြင့် ပိုမိုအရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှု များနှင့် ကုသမှုများကို သက်တောင့်သက်သာရှိစွာဖြင့် ခံယူရရှိနိုင်ရန် ယခုကင်ဆာကုသဆောင် သစ်ကြီးကို နိုင်ငံတော်အစိုးရမှ ဘဏ္ဍာငွေကျပ်သန်း ၃၂၀ဝ ခွင့်ပြုပေးခဲ့ပါကြောင်း။


ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်ကင်ဆာလူနာများပြားစွာ အားကိုးအားထားပြု၍ လာရောက် ကုသမှုခံယူနေခြင်းသည် ဆေးရုံရှိ ဆရာဝန်၊ သူနာပြု၊ ကျွမ်းကျင်ပညာရှင်များနှင့် ဝန်ထမ်းများ၏ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ကောင်းမွန်မှု၊ ဆက်ဆံရေးနွေးထွေးမှုနှင့် စေတနာထား ကြိုးပမ်းအား ထုတ်ဆောင်ရွက်မှု တို့ကြောင့်ဖြစ်သည့်အတွက် ဝန်ထမ်းများကို ကျေးဇူးတင် အသိအမှတ်ပြုပါ ကြောင်း၊ ယခင်ကင်ဆာရောဂါကုသဆောင် အဟောင်းသည် ခုတင် ၈၀ ဆံ့သာရှိခဲ့သော်လည်း ဆေးရုံတွင် နေ့စဉ်ကုသပေးနေရသည့် ကင်ဆာလူနာမှာ (၁၈၀)ဦးမှ (၂၀ဝ)ဦးခန့် အထိရှိခဲ့ပါ ကြောင်း။


ယခုကင်ဆာကုသဆောင်သစ်ကြီးတွင် ခုတင် ၃၂၀ ဆံ့ပြီး ကင်ဆာရောဂါကုသမှု ဆေးနှင့် ဆေးပစ္စည်းကိရိယာများလည်း လုံလောက်စွာ ပံ့ပိုးထားပါကြောင်း၊ ထို့အပြင် ကင်ဆာရောဂါ ဝေဒနာရှင်များတွင် နာကျင်မှုဝေဒနာခံစားရမှုကို သက်သာလျော့ပါးစေသည့် ဆေးဝါးများကို လုံလောက်စွာ ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း၊ ကင်ဆာလူနာများအတွက် ဆေးဝါး၊ အစာအာဟာရနှင့် အကြော ကျွမ်းကျင်ပညာရှင်များကိုလည်း ဝန်ကြီးဌာနမှ ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း။


ယခုကင်ဆာကုသဆောင်သစ်ကြီးကို ဆေးရုံတစ်ရုံသကဲ့သို့ အုပ်ချုပ်စီမံခန့်ခွဲမှုနှင့် ပံ့ပိုးမှု များအပြင် ကင်ဆာဝေဒနာရှင်များ၏ လူမှုရေးပြဿနာများနှင့် အခက်အခဲများကို ပံ့ပိုးဆောင်ရွက် ပေးနိုင်ရန်အတွက် ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများ ထပ်မံခန့်ထား ပေးမည်ဖြစ်ပါကြောင်း၊ ကင်ဆာရောဂါဝေဒနာရှင်များ ဆေးရုံတက်ရောက်စဉ် သက်တောင့်သက်သာနားနေနိုင်စေရန် ရုပ်မြင်သံကြားစက်နှင့် ဖတ်ရှုစရာ စာအုပ်များပါဝင်သည့် နားနေခန်းကိုလည်း ထားရှိပေးမည် ဖြစ်ပါကြောင်း၊ ဆေးရုံတက် ကင်ဆာလူနာများသည် ကိုယ်ခံအားနည်းနေနိုင်သည့်အတွက် လူနာ တစ်ဦးမှ တစ်ဦး ဆေးရုံတွင် ကူးစက်သောရောဂါ (nosocomial infection)များ ကူးစက်မှု မရှိစေ ရေးကိုလည်း လူနာများနှင့် မိသားစုများကို ပညာပေးခြင်း အပါအဝင် အလေးထား ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။


တစ်နိုင်ငံလုံးတွင် ကင်ဆာမှတ်ပုံတင်စနစ် (Cancer Registry)ကို စတင်ပြုလုပ်နေပြီ ဖြစ်သဖြင့် ကင်ဆာရောဂါဖြစ်ပွားမှု အခြေအနေများကို ပိုမိုတိကျစွာသိရှိနိုင်ကာ ဆေးနှင့် ဆေး ပစ္စည်းများ ဝယ်ယူထောက်ပံ့ရာ၌ ပိုမိုမှန်ကန်တိကျစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီး ဌာနမှ ကင်ဆာရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်ရန်အတွက် ကျန်းမာရေး အသိပညာပေးခြင်းကို အထူးဦးစားပေးသတ်မှတ်ဆောင်ရွက်လျက်ရှိပြီး၊ ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ် မူတည်၍ ရောဂါ ကနဦးလက္ခဏာများကို ကြိုတင်စစ်ဆေးခြင်း (screening) ပြုလုပ်၍ စောစီးစွာကုသမှုပေးခြင်း တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း။


၂၀၂၀ ခုနှစ်မှစတင်၍ Gavi အဖွဲ့နှင့်ပူးပေါင်းကာ သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ် ဆေး (Human Papilloma Virus - HPV vaccine)ကို တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ထည့်သွင်းထိုးနှံပေးသွားမည်ဖြစ်ပါကြောင်း၊ ရင်သားကင်ဆာ နှင့်ပတ်သက်၍ အမျိုးသမီးများ မိမိ ကိုယ်ကို Breast Self-Exam (BSE) စမ်းသပ်ပုံနည်းများကို ဝန်ကြီးဌာနမှ ဖြန့်ဝေလျက်ရှိသော Mobile Tablet များတွင်ထည့်သွင်း၍ အခြေခံကျန်းမာရေးဝန်ထမ်းများမှတဆင့် ပြည်သူများကို ပိုမိုအသိပေးသင်ကြားပေးသွားမည်ဖြစ်ပါကြောင်း။


မိမိတို့နိုင်ငံတွင် ယခင်ကရရှိရန် အလွန်ခက်ခဲသည့် အရည်အသွေးမြင့်မားပြီး ဈေးနှုန်း မြင့်မားသော ကင်ဆာကုသမှုဆေးများကိုလည်း ယခုအခါ ဝန်ကြီးဌာနမှ နိုင်ငံတကာအဖွဲ့အစည်း များနှင့် နားလည်မှုစာချွန်လွှာများ ရေးထိုးကာပံ့ပိုးမှုများကို မကြာမီရရှိမည်ဖြစ်ပါကြောင်း၊ ဝန်ကြီး ဌာနမှ သုတေသနပိုင်းဆိုင်ရာ ပံ့ပိုးပေးသော ဘဏ္ဍာငွေဖြင့် ဆေးလက်တွေ့ပိုင်းဆိုင်ရာ အသုံးချ သုတေသနလုပ်ငန်းများ ယခုထက်ပိုမို ဆောင်ရွက်သွားရန် တိုက်တွန်းလိုပြီး ဝန်ကြီးဌာနမှလည်း လိုအပ်သည်များ ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက  ယခုကဲ့သို့ ကင်ဆာကုသဆောင် သစ်ကြီး ဖွင့်လှစ်နိုင်ရန်အတွက် ဝိုင်းဝန်းဆောင်ရွက်ခဲ့သူများကို ကျေးဇူးတင်ရှိပါကြောင်း၊ ရန်ကုန် မြို့သည် City Cancer Project တွင်ပါဝင်သည့် မြို့ဖြစ်သည့်အတွက် ယခုကဲ့သို့ ကင်ဆာ ကုသဆောင်သစ်ကြီး ဖွင့်လှစ်နိုင်ခြင်းသည် ကင်ဆာရောဂါကုသမှုဆိုင်ရာ လိုအပ်ချက်ကို များစွာ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါကြောင်း၊ ကင်ဆာကုသဆောင်သစ်ကြီး၏ လုပ်ငန်းများ ရေရှည် တည်တံ့ ဖွံ့ဖြိုးတိုးတက်ရန်အတွက် မိမိတို့အနေဖြင့် ဆက်လက် ပံ့ပိုးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။


ယင်းနောက် ကင်ဆာဓာတ်ရောင်ခြည်ဌာနမှ ပါမောက္ခဒေါက်တာခင်ချိုဝင်းက ကျေးဇူးတင် စကားပြောကြားပြီး ကင်ဆာကုသဆောင်သစ်ကြီးကို ဆောက်လုပ်ခဲ့သည် ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းထံသို့ ကင်ဆာကုသဆောင် သစ်ကြီး နှင့်ပတ်သက်သော စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကင်ဆာလူနာဆောင်သစ်ကြီးကို လှည့်လည်ကြည့်ရှု ၍ လိုအပ်သည်များ မှာကြားသည်။


(သတင်းစဉ်)