သာယာလှပသော မြို့ထန်တလန်၏ အဖိုးတန် သီကီရ်ရေလှောင်တမံ

မင်းလပြည်(ဟားခါး)


ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက်တွင်ရှိပြီး တောင်ကုန်းတောင်တန်းများ ထူထပ်ပေါများသော ပြည်နယ်တစ်ခုဖြစ်ပါသည်။ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းကဲ့သို့ ရေအလျဉ်စီးနေသော မြစ်ပြင်ကျယ်ကြီးများမရှိသော်လည်း ချင်းပြည်နယ်တွင် ဖြူဖွေးသန့်ရှင်းသော သဘာဝတောင်ကျရေများ၊ ချောင်းရေများ စီးဆင်းလျက်ရှိပါသည်။ ထိုသန့်ရှင်းသော ရေကို စုစည်းစနစ်တကျအသုံးချမှသာ တန်ဖိုးရှိသော ရေကောင်းရေသန့်များ သုံးစွဲရရှိနိုင်မည်ဖြစ်ပါသည်။ 

 

ဖူလုံစွာသုံးစွဲနိုင်မည်


ယနေ့နိုင်ငံတော်အစိုးရသည် တိုင်းဒေသကြီးများ၊ ပြည်နယ်များ ဆင်းရဲ၊ ချမ်းသာကွာဟမှုကျဉ်းမြောင်းစေရန်အတွက် ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိပါသည်။ အလားတူပင် ဖွံ့ဖြိုးမှုအားယူလျက်ရှိသော ချင်းပြည်နယ် ကိုလည်း လျစ်လျူမရှုခဲ့၊ လမ်း၊ တံတား၊ အဆောက်အအုံ၊ မြစ်ကူးတံတား၊ လေယာဉ်ကွင်း၊ ရေလှောင်တမံ တည်ဆောက်ရေးမှအဆုံး ဖြည့်ဆည်းပေး လျက်ရှိပါသည်။ ဖလမ်းမြို့ရှိ လိုင်ဗားဆည်ကို နမူနာပြလိုပါသည်။ အဆိုပါ ဆည်ရေကြောင့် လယ်မြေများသို့ ရေပေးဝေခြင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးခြင်းရှိသကဲ့သို့ အလားတူ ဆည်များ၊ ရေလှောင်တမံများ တည်ဆောက်ပါက တောင်ပေါ်ဒေသတိုင်းရင်းသားများအတွက် တောင်တန်း ပေါ်တွင် ရေရှားပါးမှုမရှိဘဲ ရေကိုဖူလုံစွာ သုံးစွဲနိုင်မည်ဖြစ်ပါသည်။ သာယာ လှပသော ထန်တလန်မြို့သို့ အလည်သွားစဉ် သီကီရ်ရေလှောင်တမံသို့လည်း သွားရောက်ခဲ့ပါသည်။


ဟားခါးမြို့မှ ထန်တလန်မြို့သို့ ၂၂ မိုင်ဝေးကွာပြီး ထန်တလန်မြို့ကား ပူနွေး၍ ဟားခါးမြို့လောက်မအေး၊ ရာသီဥတု သမမျှတသော မြို့တစ်မြို့ဖြစ်သည်။ လှပသောတောင်ကုန်းများ၊ ချင်းပြည်နယ်၏ သန့်ရှင်းသပ်ရပ်သော မြို့ဖြစ်ကြောင်း သိရှိရပါသည်။ မြို့အဝင်တွင် မချမ်းသာသော်လည်း ပျော်ပါ သည် (Not rich but happy) ဟု ဆိုင်းဘုတ်ရေးသားထားသည်။ တင်းတိမ်ရောင့်ရဲသော ချင်းတိုင်းရင်းသားတို့၏ စိတ်ထားကို သိရှိခွင့် ရခဲ့ပါသည်။ စိတ်ကျေနပ်မိပါသည်။ ဆက်လက်၍ သီကီရ်ရွာသို့ မော်တော် ယာဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့သည်။ သီကီရ်ရေလှောင်တမံစီမံကိန်း တာဝန်ခံအင်ဂျင်နီယာ ဦးခင်ဇော်လည်း ပါရှိလာသည်။ ဟရိန်ခမ်းရွာသို့ ရောက်လာခဲ့သည်။ လတ်ဆတ်သော ချင်းကြက်ဥပြုတ်၊ အရသာကောင်းသော လိမ္မော်သီးများဖြင့် နာမည်ကြီးသောရွာဖြစ်သည်။ ဟရိန်ခမ်းရွာ၏ ဘယ်ဘက် လမ်းမှသွားလျှင် သီကီရ်ရွာသို့ရောက်ပြီး ညာဘက်လမ်းမှသွားလျှင် အိန္ဒိယ နှင့် မြန်မာနယ်စပ်ဒေသ ဆာစီချောက်လမ်းသို့ ရောက်ရှိပါသည်။ ကျွန်တော် တို့က သီကီရ်ရွာလမ်းကို ရွေးချယ်ပါသည်။ ဟရိန်ခမ်းရွာမှ တစ်နာရီခန့်ကြာ သောအခါ သီကီရ်ရွာသို့ ရောက်ရှိလာသည်။ သီကီရ်ရွာကုန်းမြင့်ပေါ်မှ ကြည့်လိုက်လျှင် လှပသော သီကီရ်ရေလှောင်တမံကို တွေ့ရှိရပါသည်။ ရေလှောင်တမံအနီးတွင် တည်းခိုရန် အဆောက်အအုံများက အဆင့်မြင့် သစ်လွင်လှပသည်။ 

 

 

စံချိန်စံညွှန်းမီ ပြီးစီး 


သီကီရ်ရွာရေလှောင်တမံ ဆောက်လုပ်ရခြင်း ရည်ရွယ်ချက်ကို မေးကြည့်မိသည်။ သီကီရ်ချောင်းရှိ ရေအားအသုံးပြုပြီး စိုက်ပျိုးမြေဧက ၅၅၀ ခန့်အား ဖော်ထုတ်၍ ရေပေးဝေနိုင်ရန်၊ ရေအားလျှပ်စစ် ၅၀ ကီလိုဝပ်ထုတ်လုပ်၍ ကျေးရွာများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးရန်၊ စီမံကိန်းဧရိယာအတွင်း စိမ်းလန်းစိုပြည်လာစေရန်ဟူသော ရည်ရွယ်ချက် ကောင်းများဖြင့် စတင်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်ရသော လုပ်ငန်းဖြစ်ပါသည်။ နိုင်ငံတော်အကြီးအကဲများ ချင်းပြည်နယ်အပေါ် ထားရှိသော စိတ်ကောင်းစေတနာများနှင့် အမြန်ဆုံး တိုးတက်ဖွံ့ဖြိုးရေးဦးဆောင်လမ်းညွှန်မှုများအရ ချင်းပြည်နယ်အစိုးရအဖွဲ့ ၏ ပံ့ပိုးကူညီမှုများနှင့်အတူ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာန တည်ဆောက်ရေး (၃)မှ အင်ဂျင်နီယာဝန်ထမ်း ၁၅ ဦး၊ စက်ယန္တရား အစီး ၄၀ ခန့်၊ လုပ်သားအင်အား ၂၀ဝ ခန့်ဖြင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၆ ရက်မှစ၍ တမံတည်ဆောက်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။


မိုးတွင်းကာလ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကြန့်ကြာခက်ခဲစေခြင်း၊ ရာသီဥတုကြမ်းတမ်းခြင်း၊ တည်ဆောက်ရေး ပစ္စည်းများရှားပါး၍ အလုပ်လုပ်ချိန်နည်းပါးသော ရာသီတွင် စီမံကိန်းစတင်သော်လည်း ခေါင်းဆောင်နှင့် ဝန်ထမ်းများအားလုံး၏ ညီညာတက်ပန်ရှိပြီး ရေထုတ်ပြွန်အလျား ၃၆၅ ပေ၊ ရေထုတြွ်ပန်အမျိုးအစားမှာ အချင်း သုံးပေ GRP (Glass Fibre Reinforced Pipe) အမျိုးအစားကို အသုံးပြုထားသည်။ Ogee Type ရေပိုလွှဲအမျိုးအစားဖြစ်ပြီး ရေပိုလွှဲအလျား မှာ ၄၁၅ ပေဖြစ်ကာ ရေပိုလွှဲအကျယ်မှာ ပေ ၂၀ ဖြစ်၍ သင့်တင့်သောအရွယ် အစားဖြစ်ကြောင်း ရှင်းပြကြပါသည်။ 


ရေဆင်းဧရိယာ ၁ ဒသမ ၁၀ စတုရန်းမိုင်ရှိပြီး ဆည်ရေပေးဝေမည့် ဧရိယာမှာ ဧက ၅၅၀ ရှိသဖြင့် စိုက်ပျိုးသီးနှံများစွာ ထုတ်လုပ်ရောင်းချနိုင်တော့ မည်ဖြစ်ပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းစတင်ခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ စီမံကိန်းဆောင်ရွက်ရာတွင် မြေပြင် စူးစမ်းလေ့လာတိုင်းတာခြင်း၊ ဘူမိဗေဒစမ်းသပ်ခြင်းနှင့် ဒီဇိုင်းပုံစံထုတ်လုပ်ခြင်း၊ စခန်းအဝင်၊ အထွက် လမ်းဖောက်လုပ်ခြင်း၊ စခန်းအဆောက်အအုံ ဆောက်လုပ်ခြင်း၊ မြေနေရာရှင်းလင်းခြင်း၊ တမံအောက်ခြေရှင်းလင်းခြင်း၊ သပ်ကျင်းတူးဖော်ခြင်း၊ တမံမြေဖို့ခြင်းလုပ်ငန်းများကို အဆင့်ဆင့်ကြိုးပမ်း ဆောင်ရွက်ခဲ့ရကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်ဇော်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်တို့က တစ်လှည့်စီ ရှင်းလင်းပြောကြားခဲ့သည်။


 
ဖွံ့ဖြိုးတိုးတက်လာ


စီမံကိန်းကို တာဝန်ယူဆောင်ရွက်သော ညွှန်ကြားရေးမှူး ဦးညွန့်ဌေး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်နှင့် ဝန်ထမ်းများ၏ ကြိုးပမ်း ဆောင်ရွက်ခဲ့မှုကြောင့် သီကီရ်ရွာ ပြည်သူများအတွက် ရေဖူလုံစွာရရှိခြင်း၊ စိုက်ပျိုးသီးနှံများထုတ်လုပ်နိုင်ခြင်း၊ လျှပ်စစ်ဓာတ်အား ရရှိခြင်းများအတွက် ကျေးရွာသူ ကျေးရွာသားများက ဝမ်းမြောက်ပီတိဖြစ်နေကြသည်ကို ကြည်နူး ဖွယ် တွေ့မြင်ခဲ့ရပါသည်။ သီကီရ်ရွာတွင် အထက်တန်းကျောင်း ဆောက်လုပ်လျက်ရှိခြင်းအပြင် ခုတင်(၁၀ဝ)ဆံ့ ဆေးရုံကိုလည်း တည်ဆောက်လျက်ရှိသဖြင့် သီကီရ်ရွာနှင့် ပတ်ဝန်းကျင်ရွာများအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်မှာ အမှန်ပင် ဖြစ်ပါသည်။ တောင်ပေါ်ကျေးရွာများမှာ ဝေးကွာလျက်ရှိသည့်အပြင် လူဦး ရေ တိုးပွားလာသဖြင့် ရေလိုအပ်ချက် အမှန်ရှိနေမည်ဖြစ်ပါသည်။ သီကီရ် ရေလှောင်တမံစီမံကိန်းမျိုးကဲ့သို့ ချောင်းပိတ်၊ ဆည်ပိတ်၊ မြောင်းပိတ် ဆက်လက်ဆောင်ရွက်သွားပါက ဒေသခံပြည်သူတို့၏ လူမှုဘဝ ဖွံ့ဖြိုး တိုးတက်လာမည့်အပြင် ရေလိုအပ်ချက်များလည်း ပြည့်မီဖူလုံလာမည် ဖြစ်ပါသည်။ လူသားများ အသက်ရှင်နေထိုင်ရန် ရေဖူလုံစွာရရှိခြင်း၊ လျှပ်စစ် မီးရရှိခြင်း အကျိုးတရားများကြောင့် အနာဂတ်နိုင်ငံတော်တွင် အားထား ရမည့် လူချွန်လူကောင်းများ ပေါ်ထွက်လာကာ ဒေသကို ပြန်လည်အကျိုး ပြုမည့် နိုင်ငံ့သားကောင်းရတနာများလည်း ပေါ်ထွက်လာမည်မှာ အမှန်ပင် ဖြစ်ပါသည်။ သီကီရ်ရေလှောင်တမံတည်ဆောက်ပေးမှုကြောင့် ရရှိလာမည့် အကျိုးတရားများအား ရည်မျှော်ဝမ်းမြောက်စွာ ပီတိဖြစ်ရင်း မကြာမီဖွင့်လှစ် တော့မည့် သီကီရ်ရေလှောင်တမံဖွင့်ပွဲအကြိုအား ဂုဏ်ပြုရေးသားတင်ပြ လိုက်ရပေသည်။ ကြေးမုံ