သွေး၊မျက်စိနှင့် ကိုယ်အင်္ဂါလှူဒါန်းခြင်းများနှင့် ဥပဒေ

မောင်စာဂ


ဗုဒ္ဓဘာသာဝင်တို့သည် အလှူဒါနပြုကြရာတွင် ရက်ရက် ရောရောရှိကြသည်။ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးအလှူ၊ သားရှင်ပြု၊ သမီးနားသအလှူ၊ လိုအပ်သည့်အချိန်၊ လိုအပ်သည့်သူကို လှူသည့် ကာလဒါနအလှူ စသည်တို့အပြင် ဘုရား၊ပုထိုး၊ စေတီ၊ သိမ်၊တန်ဆောင်း၊ ပြာသာဒ်၊ လမ်း၊ တံတား၊ ရေတွင်း ရေကန်၊ ဆေးရုံ၊ ဆေးခန်းမကျန်ရအောင်လှူသည်။ တရားအလှူလှူသည်။ စာအုပ်စာတမ်း၊ စာပေများလှူ သည်။ နေ့စဉ် ဘုရားတွင် ဆီမီး၊ ရေချမ်း၊ ဆွမ်း၊ ပန်းများ ကပ်လှူသည်။ အခါကြီး ရက်ကြီးများတွင် လှူကြတန်း ကြသည်။ 


အလှူဒါနအမျိုးမျိုး ပြော၍မကုန်နိုင်အောင် ပါပင်။ အလှူဒါနအမျိုးမျိုးတို့တွင် မိမိကိုယ်ခန္ဓာ၏သွေးကို ထုတ်၍လှူခြင်း၊ မျက်လုံးကိုလှူခြင်း၊ ကိုယ်အင်္ဂါအစိတ် အပိုင်းတစ်ခုခုကိုဖြစ်စေ၊ အားလုံးကိုဖြစ်စေလှူခြင်း စသည့်အလှူမျိုးသည် လွယ်လွယ်ကူကူနှင့် လှူဒါန်းနိုင် သည့် အလှူမျိုးမဟုတ်။ ဥစ္စာပစ္စည်းများ ပေးကမ်း လှူဒါန်းရခြင်းနှင့်မတူ။ ထို့ကြောင့် ဤအလှူမျိုးပြုကြ ခြင်းနှင့်စပ်လျဉ်း၍ ဥပဒေများပြဋ္ဌာန်းပေးရသည်။

 

သွေးကိုလှူဒါန်းခြင်း 


သွေးလှူဒါန်းခြင်းနှင့်စပ်လျဉ်း၍ သွေးနှင့် သွေး ပစ္စည်းဆိုင်ရာဥပဒေကို ၂၀ဝ၃ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ သွေးဆိုသည်မှာ လူ၏ ခန္ဓာကိုယ်တွင် သဘာဝအလျောက် ဖြစ်ပေါ်လျက်ရှိ သော သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှား၊ သွေးရည်ကြည်နှင့် သွေးရည်ကြည်တွင် ပါဝင်သည့် ဓာတ်ပစ္စည်းများကို ဆိုလိုကြောင်းနှင့် သွေးပစ္စည်းဆိုသည်မှာ သွေးမှ တစ်နည်းနည်းဖြင့် ခွဲထုတ်ရယူသော သွေးနီဥ၊ သွေးဖြူ ဥ၊ သွေးဥမွှား၊ သွေးရည်ကြည် သို့မဟုတ် သွေးရည် ကြည်တွင် ပါဝင်သော ဓာတ်ပစ္စည်းကို ဆိုလိုကြောင်း ပြဋ္ဌာန်းထားသည်။ [ ဥပဒေပုဒ်မ ၂ (က) နှင့် (ခ) ] 


ဥပဒေ၏ရည်ရွယ်ချက်များတွင် အရည်အသွေးမီ သွေးကောင်း၊ သွေးသန့်များကိုအသုံးပြုပြီး သွေးသွင်း ကုသခြင်းဖြင့် လူနာ၏အသက်ကို ကယ်တင်စောင့် ရှောက်နိုင်ရန်နှင့် စေတနာသွေးလှူရှင်စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ဟူသော အချက်နှစ်ချက်ပါရှိသည်။ [ ဥပဒေပုဒ်မ ၃] 

 

သွေးနှင့်ဆိုင်သည့်ဌာနများ တည်ထောင်ဖွင့်လှစ်ထားရှိခြင်း


ဥပဒေ၏ ရည်ရွယ်ချက်လုပ်ငန်းကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် အမျိုးသားသွေးနှင့် သွေးပစ္စည်း ဆိုင်ရာ ကော်မတီ၊ အမျိုးသားသွေးဌာန၊ သွေးဘဏ် ဌာနနှင့် သွေးဘဏ်ငယ်ဌာနတို့ကို ဖွဲ့စည်းပြီး လုပ်ငန်း တာဝန်များ သတ်မှတ်ထားသည်။ [ဥပဒေပုဒ်မ ၄၊ ၇၊ ၈] 


အမျိုးသားသွေးနှင့် သွေးပစ္စည်းဆိုင်ရာ လုပ်ငန်း ကော်မတီ၏ လုပ်ငန်းတာဝန် ၁၆ ရပ်ရှိသည်။ ၎င်း အချက်များထဲတွင် စေတနာသွေးလှူရှင်များ တိုးပွား လာစေရေးအတွက် လှုံ့ဆော်ပညာပေးရေး လုပ်ငန်း နှင့် စည်းရုံးရေးလုပ်ငန်းများဆောင်ရွက်ရန် လမ်း ညွှန်ခြင်း၊ သွေးလှူဒါန်းသည့်အကြိမ်အပါအဝင် အခြား သတ်မှတ်ချက်များနှင့်ညီညွတ်သော စေတနာ သွေး လှူရှင်များအား နိုင်ငံတော်က ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနသို့ ထောက်ခံပေးပို့ခြင်း လုပ်ငန်းများပါဝင်သည်။ [ဥပဒေပုဒ်မ ၅]


 အမျိုးသားသွေးဌာန၏ လုပ်ငန်းတာဝန် ၁၁ ရပ်ရှိ သည်။ ယင်းတို့တွင် စေတနာသွေးအလှူရှင်၏ ဂုဏ် သိက္ခာနှင့်အကျိုးစီးပွားကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ သွေးလှူဒါန်းစဉ် အလှူရှင်၏အင်အား ပြန်လည်ပြည့်ဝ စေရန် လိုအပ်သည့်အစီအစဉ်များ ဆောင်ရွက်ခြင်း၊ သွေးလှူရှင်အား သွေးလှူရှင် တံဆိပ်နှင့် ဂုဏ်ပြု လွှာများချီးမြှင့်ခြင်း၊ သွေးလှူဒါန်းသည့် အကြိမ်အပါ အဝင် အခြားသတ်မှတ်ချက်များနှင့် ညီညွတ်သော သွေးလှူရှင်များအား နိုင်ငံတော်က ဂုဏ်ထူးဆောင် တံဆိပ် ချီးမြှင့်နိုင်ရေးအတွက် ကော်မတီသို့ တင်ပြ ခြင်းဟူသော လုပ်ငန်း လေးရပ်ပါဝင်သည်။[ ဥပဒေ ပုဒ်မ ၇] 


သွေးဘဏ်နှင့် သွေးဘဏ်ငယ်တို့၏ လုပ်ငန်းတာဝန် များ ခုနစ်ရပ်ရှိသည်။ ၎င်းအချက်များထဲတွင် အမျိုးသား သွေးဌာန၏လုပ်ငန်းများဖြစ်သော အထက်တွင်ဖော်ပြခဲ့ သည့် လုပ်ငန်းလေးရပ်ကိုလည်း ထည့်သွင်းသတ်မှတ် ပေးထားသည်။ [ ဥပဒေပုဒ်မ ၈] 


သွေးနှင့်ဆိုင်ရာပြစ်မှု၊ ပြစ်ဒဏ်များ သွေး သို့မဟုတ် သွေးပစ္စည်းကို ခွင့်ပြုချက်မရှိဘဲ ထုတ်ယူခြင်း၊ စုဆောင်းခြင်း၊ သိုလှောင်ခြင်းနှင့် ဖြန့် ဖြူးခြင်း၊ ခွင့်ပြုချက်လိုင်စင်မရှိဘဲ ပုဂ္ဂလိက သွေး ဘဏ်ငယ်ကို တည်ထောင်ဖွင့်လှစ်ခြင်း၊ သဘောမတူ သူတစ်ဦးထံမှ သွေးကိုထုတ်ယူခြင်း၊ သွေးကို စီးပွားရေး အလို့ငှာရောင်းချခြင်း၊ ဝယ်ယူခြင်းတို့ကို ပြစ်မှုများ အဖြစ် သတ်မှတ်ထားသည်။ ဖောက်ဖျက်ကျူးလွန်ပါက ကျူးလွန်သည့် ပြစ်မှုအလိုက် ထောင်ဒဏ်သုံးနှစ်၊ ငါးနှစ်၊ ခုနစ်နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရနိုင်သည်။ [ ဥပဒေပုဒ်မ ၁၈၊ ၁၉၊ ၂၀၊ ၂၃] 

 

မျက်စိကိုလှူဒါန်းခြင်း 


မျက်စိလှူဒါန်းခြင်းနှင့်စပ်လျဉ်း၍ မည်သို့လိုက်နာ ဆောင်ရွက်ကြရန် မျက်စိလှူဒါန်းခြင်းဆိုင်ရာ ဥပဒေ ကို ၁၉၆၆ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ပြဋ္ဌာန်း ခဲ့သည်။ ပြဋ္ဌာန်းရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မျက်စိအစိတ်အပိုင်းကိုလဲလှယ်ခြင်းဖြင့် မျက်စိပြန် မြင်နိုင်သည့် မျက်စိရောဂါရှိသူများကို ကျယ်ကျယ် ပြန့်ပြန့်ကုသပေးနိုင်ရန်၊ မျက်စိလှူဒါန်းသူ၏မျက်စိ ကို စနစ်တကျထုတ်ယူနိုင်ရန်၊ မျက်စိဘဏ်ရှိ မျက်စိ များကို စနစ်တကျသိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းဖြင့် မျက်စိရောဂါကုသမှုကို ထိရောက်စွာ ဆောင်ရွက်နိုင် ရန်နှင့် မျက်စိဘဏ်လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်တို့ဖြစ်သည်။


 
မျက်စိလှူဒါန်းနိုင်သူ 


မျက်စိလှူဒါန်းသူဆိုသည်မှာ သေဆုံးသည့်အခါ မိမိ၏မျက်စိကို ထုတ်ယူခွင့်ပြုကြောင်း ကြိုတင် ဆန္ဒ ပြုထားသူကိုဆိုသည်။ အသက် ၁၈ နှစ်ပြည့်ပြီးသူက ဖြစ်စေ၊ ၁၈ နှစ်မပြည့်သေးသော်လည်း အုပ်ထိန်းသူ၏ ခွင့်ပြုချက်ရရှိ သူကဖြစ်စေ မျက်စိကိုလှူဒါန်းနိုင်သည်။ [ဥပဒေပုဒ်မ ၂(ဂ) နှင့် ပုဒ်မ ၉] 


မျက်စိလှူဒါန်းနည်း 


မျက်စိလှူဒါန်းသူသည် မျက်စိဘဏ်သို့ သွားရောက် လှူဒါန်းရပါမည်။ မျက်စိဘဏ်သည် မျက်စိလှူဒါန်း ခြင်းကို လက်ခံလျှင် မျက်စိလှူဒါန်းသူများ မှတ်ပုံတင် စာအုပ်တွင် အမည်စာရင်းရေးသွင်းပြီး လှူဒါန်းသူအား အသိအမှတ်ပြုလွှာ ထုတ်ပေးရပါမည် [ဥပဒေပုဒ်မ ၁၁]။ လှူဒါန်းသူသည် အသိအမှတ်ပြုလွှာကို ပြန်လည် ၁] အပ်နှံကာ မိမိ၏မျက်စိလှူဒါန်းခြင်းကို ပယ်ဖျက်ပေး ရန် မျက်စိဘဏ်သို့ အကြောင်းကြားနိုင်သည်။ ထိုသို့ အကြောင်းကြားလျှင် မျက်စိဘဏ်သည် မျက်စိလှူဒါန်း သူများ မှတ်ပုံတင်စာအုပ်တွင် လှူဒါန်းသူ၏အမည်ကို ပယ်ဖျက်ပေးရမည်။ [ဥပဒေပုဒ်မ ၁၄] 


မျက်စိလှူဒါန်းသူသည် ဆေးရုံ သို့မဟုတ် ဆေးခန်း ၌ သေဆုံးလျှင် သက်ဆိုင်ရာဆေးရုံ သို့မဟုတ် ဆေး ခန်းမှ တာဝန်ရှိသူက မျက်စိဘဏ်သို့ ချက်ချင်း အကြောင်းကြားရမည်။ အခြားနေရာတစ်ခုခု၌ သေဆုံး လျှင် ဆွေမျိုးသားချင်းက မျက်စိဘဏ်သို့ ချက်ချင်း အကြောင်းကြားရမည်။ ထိုကဲ့သို့ အကြောင်းကြား သည့်အခါ မျက်စိဘဏ်သည် လှူဒါန်းသူ၏မျက်စိကို သတ်မှတ်သည့်အချိန်အတွင်း ထုတ်ယူနိုင်ရန် စီစဉ် ဆောင်ရွက်ရပါမည် [ဥပဒေပုဒ်မ ၁၂၊ ၁၃ နှင့် ၁၁၇]။ ဤတွင်မျက်စိလှူဒါန်းသူ၏ မျက်စိလှူဒါန်းခြင်း အထ မြောက်အောင်မြင်သွားပြီဖြစ်သည်။

 

ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းခြင်း 


လူတို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို လှူဒါန်း လိုက လှူဒါန်းနိုင်ရန် ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းခြင်းဆိုင်ရာ ဥပဒေကို ၂၀ဝ၄ ခုနှစ် ဖေဖော်ဝါရီ လ ၁၉ ရက်နေ့တွင် ပြဋ္ဌာန်းထားသည်။ ကိုယ်အင်္ဂါ အစိတ်အပိုင်းဆိုသည်မှာ လူ၏ခန္ဓာကိုယ်ကို ဖွဲ့စည်း ထားသော ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုခုကို သို့ မဟုတ် လူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဆိုလိုပါသည်။ [ဥပဒေပုဒ်မ ၂ (က)] 


ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းသူဆိုသည်မှာ ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုခုကို ထုတ်ယူသော် လည်း အသက်အန္တရာယ်မရှိနိုင်လျှင် ယင်းကိုယ်အင်္ဂါ အစိတ်အပိုင်းကို ထုတ်ယူခွင့်ပြုသူ သို့မဟုတ် သေဆုံး သည့်အခါ မိမိ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းကို ထုတ် ယူခွင့်ပြုကြောင်း ကြိုတင်ဆန္ဒပြုထားသူကို ဆိုလိုပါ သည်။ [ဥပဒေပုဒ်မ ၂ (ဂ)] 

 

ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းနိုင်သူ 


အသက် ၁၈ နှစ်ပြည့်ပြီးသူသည် မိမိ၏ကိုယ်အင်္ဂါ အစိတ်အပိုင်းကို လှူဒါန်းနိုင်သည်။ ကျန်ရစ်သူ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ မိဘ ၊ ညီအစ်ကို မောင်နှမ သို့မဟုတ် ဆွေမျိုးသားချင်း တစ်ဦးဦးသည် မိသားစုအတွင်း၌ ကန့် ကွက်ချက် တစ်စုံတစ်ရာမရှိပါက သေဆုံးသူ၏ ကိုယ် အင်္ဂါအစိတ်အပိုင်းကို လှူဒါန်းနိုင်သည်။[ဥပဒေပုဒ်မ ၉၊ ၁၀] 

 

ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းနည်း 


ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းခြင်း ကိစ္စများကို ဆောင်ရွက်နိုင်ရန် ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်း ခြင်းဆိုင်ရာကော်မတီကို ဖွဲ့စည်းထားသည်။ ယင်း ကော်မတီက လိုအပ်သောဒေသများတွင် လက်ခံရေး ဌာနများကို စီစဉ်ထားရှိစေသည်။ ကိုယ်အင်္ဂါအစိတ် အပိုင်း လှူဒါန်းလိုသူများသည် ယင်း လက်ခံရေး ဌာနများသို့ သွားရောက်လှူဒါန်းနိုင်သည်။ [ဥပဒေ ပုဒ်မ ၆] 


လက်ခံရေးဌာနသည် ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းခြင်းကို လက်ခံလျှင် ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းသူများ မှတ်ပုံတင်စာအုပ်တွင်ရေးသွင်းရ မည်။ ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းသူကို ဖြစ် စေ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းသော ကျန်ရစ်သူ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ မိဘ၊ ညီအစ်ကို မောင်နှမ သို့မဟုတ် ဆွေမျိုးသားချင်းကိုဖြစ်စေ အသိအမှတ်ပြု လွှာထုတ်ပေးရမည်။ [ ဥပဒေပုဒ်မ ၁၂] 


အင်္ဂါအစိတ်အပိုင်းလှူဒါန်းသူသည် အသိအမှတ် ပြုလွှာကို ပြန်လည်အပ်နှံကာ မိမိ၏ကိုယ်အင်္ဂါ အစိတ်အပိုင်းလှူဒါန်းခြင်းကို ပယ်ဖျက်ပေးရန် သက် ဆိုင်ရာလက်ခံရေးဌာနသို့ အကြောင်းကြားနိုင်သည်။ ထိုသို့ အကြောင်းကြားလာလျှင် လက်ခံရေးဌာနသည် လှူဒါန်းသူ၏အမည်ကို ကိုယ်အင်္ဂါအစိတ်အပိုင်း လှူ ဒါန်းသူများ မှတ်ပုံတင်စာအုပ်မှ ပယ်ဖျက်ပေးရမည်။ [ ဥပဒေပုဒ်မ ၁၄] 


သေဆုံးသူတစ်ဦးသည် ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းထားသူတစ်ဦးဖြစ်ကြောင်း သိရှိပါက ထိုသူ သေဆုံးသည့် ဆေးရုံ သို့မဟုတ် ဆေးခန်းမှ တာဝန် ရှိသူကလည်းကောင်း၊ နေအိမ်မှ တာဝန်ရှိသူကလည်း ကောင်း အနီးဆုံးရှိ လက်ခံရေးဌာနသို့ အမြန်ဆုံး အကြောင်းကြားရမည်။ ထိုသို့ အကြောင်းကြားလာ သည့်အခါ လက်ခံရေးဌာနသည် ကိုယ်အင်္ဂါအစိတ် အပိုင်းကို သတ်မှတ်သည့်အချိန်ကာလအတွင်း ထုတ် ယူရန် သို့မဟုတ် သယ်ယူရန် စီစဉ်ဆောင်ရွက်ရသည်။ [ဥပဒေပုဒ်မ ၁၃၊ ၁၈] 
ကိုယ်အင်္ဂါအစိတ်အပိုင်းထုတ်ယူခွင့်ရှိသူသည် ကိုယ် အင်္ဂါအစိတ်အပိုင်းလှူဒါန်းသူ သို့မဟုတ် ပိုင်ရှင်မရှိ သည့်သေဆုံးသူ သို့မဟုတ် ကျန်ရစ်သူ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ မိဘ၊ ညီအစ်ကိုမောင်နှမ သို့မဟုတ် ဆွေမျိုး သားချင်းတစ်ဦးဦးက ကန့်ကွက်ချက်မရှိသော ကိုယ် အင်္ဂါအစိတ်အပိုင်းလှူဒါန်းခြင်းခံရသည့် သေဆုံးသူ တစ်ဦးဦးထံမှ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းကို ထုတ်ယူခွင့်ရှိသည်။[ ဥပဒေပုဒ်မ ၁၆] 

 

ကိုယ်အင်္ဂါအစိတ်အပိုင်းဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ် 


ကိုယ်အင်္ဂါအစိတ်အပိုင်းကို အဖိုးစားနားဖြင့် ရောင်း ချခြင်း၊ ဝယ်ယူခြင်းတို့ကို တားမြစ်ထားသည်။ ဖောက် ဖျက်ကျူးလွန်သူနှင့် အားပေးကူညီသူတို့ကို ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ် နိုင်ကြောင်းပြဋ္ဌာန်းထားရှိသည်။ [ဥပဒေပုဒ်မ ၂၁၊၂၂ ] 

 

သင့်သွေးဖြင့်အသက်ကယ်ပါ 


ဤနေရာတွင် အလျဉ်းသင့်၍ ကြုံကြိုက်လာသည့် အတွက် သွေး၊ မျက်စိနှင့် ကိုယ်အင်္ဂါလှူဒါန်းရခြင်း၏ ကောင်းကျိုးရလဒ် အနှစ်ချုပ်ကို မျှဝေပါရစေ။ မဂ်ဖိုလ် ကိုဆုတောင်း၍ အပဗဟိဒ္ဓဖြစ်သော ပစ္စည်း ဝတ္ထု လှူဒါန်းသောဒါနမှာ ဒါနပါရမီဖြစ်၍ ခြေ၊ လက်၊ မျက်စိ၊ နား၊ နှာခေါင်းစသည့် ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းသောဒါနမှာ ရိုးရိုးဒါနပါရမီထက် မွန်မြတ်သော ဒါနဥပပါရမီဖြစ်သည်။ သူတစ်ပါးအတွက် မိမိအသက် ကို စွန့်လှူသောပါရမီမှာ အမြတ်ဆုံး ပရမတ္ထပါရမီ ဖြစ်သည်။ သွေးလှူခြင်းမှာ ဗဟိဒ္ဓပစ္စည်းဝတ္ထုထက် အရင်းကျသော အဇ္ဇျတ္တသွေးဖြင့် ကယ်ဆယ်သော သဘောဖြစ်သဖြင့် ဒါနဥပပါရမီ၌ သွင်း၍ရသည်။ ထူးမြတ်သော အသက်ကယ်ဒါန(ဇီဝိတဒါန) ဖြစ်သဖြင့် သွေးလှူဒါန်းခြင်းမှာ အလွန်မွန်မြတ်ပါသည်။ ဤကဲ့သို့ မိမိခန္ဓာကိုယ်၏ သွေးနှင့် အလွန်စွန့်နိုင်ခဲသော ကိုယ် အင်္ဂါအစိတ်အပိုင်းများလှူဒါန်းခြင်းသည် ဒါနဥပပါရမီ ကို ဖြည့်ဆည်းရာရောက်သည့်အပြင် နိက္ခမပါရမီကိုပါ ဖြည့်ဆည်းရာရောက်ပြီး လောကီ၊ လောကုတ္တရာ နှစ်ဖြာ သော ကောင်းကျိုးချမ်းသာများ ရရှိကြမည်ဖြစ်သည်။ 

 

ရာဇဝတ်မှုကျူးလွန်သူကို တားဆီးကာကွယ်အရေးယူပါ 


ယခုအခါကာလတွင် ပြည်ပနိုင်ငံအချို့၌ ကိုယ် အင်္ဂါအစိတ်အပိုင်းကိုထုတ်ယူ၍ ရောင်းချသောဂိုဏ်း များ ပေါ်ပေါက်လျက်ရှိကြောင်း ကြားသိနေရပါသည်။ မိမိတို့ဆန္ဒအလျောက် စေတနာဖြင့် လှူဒါန်းခြင်းသည် မြင့်မြတ်ပါသည်။ ကောင်းမွန်သောလုပ်ငန်း တစ်ရပ်ဖြစ်ပါသည်။ အားပေးကြရပါမည်။ သာဓုခေါ် ဆိုကြရပါမည်။ သို့ရာတွင် ရာဇဝတ်မှုအဖြစ် ကျူးလွန် လုပ်ကိုင်နေမှုများသည်ကား ကြောက်မက်ဖွယ်ကောင်း လှပါသည်။ အထူးသဖြင့် ကလေးသူငယ်များအတွက် စိုးရိမ်ထိတ်လန့်ဖွယ်ဖြစ်စေပါသည်။ တရားဥပဒေ စိုးမိုးရေးကိုထိခိုက်စေပါသည်။ မိမိတို့နိုင်ငံအတွင်း ယင်းသို့သော ရာဇဝတ်မှုများကူးစက်မလာရန် တာဝန် ရှိသူများအားလုံးက ကြိုတင်သတိပြု တားဆီးကာကွယ် ကြရမည်ဖြစ်ကြောင်းပါ။ ကြေးမုံ
- သွေးနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများ လှူဒါန်းခြင်းဖြင့် ဒါနဥပပါရမီ ဖြည့်ဆည်းနိုင်ကြပါစေ၊ - မိမိအသက်ကိုစွန့်လှူခြင်းဖြင့် အမြတ်ဆုံးပရမတ္ထပါရမီ ဖြည့်ဆည်းနိုင်ကြပါစေ၊ - ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ထုတ်ယူ ရောင်းဝယ်မှုများမဖြစ်စေရေး ထိထိရောက်ရောက် တားဆီးကာကွယ်အရေးယူနိုင်ကြပါစေ။