ထိုင်းဆိုင်ကယ်ဈေးကွက်မှာ ဟိုက်ဘရစ် (Hybrid) မော်တော်ဆိုင်ကယ်တွေနဲ့ အပြိုင်အဆိုင် နေရာယူနေကြတဲ့ Honda နဲ့ Yamaha

ဇူလိုင် ၂၄ 

ကမ္ဘာ့အကြီးဆုံး မော်တော်ဆိုင်ကယ် ကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ Honda နှင့် Yamaha တို့ဟာ တစ်ကမ္ဘာလုံးက စိတ်ဝင်စားမှုရရှိနေတဲ့ ဟိုက်ဘရစ်နည်းပညာသုံး မော်တော်ဆိုင်ကယ်အသစ်တွေနဲ့ ထိုင်းမော်တော်ဆိုင်ကယ် ဈေးကွက်ကို အပြိုင်ဝင်ရောက်လာပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲက Yamaha က Grand Filano Hybrid ကို အရှေ့တောင်အာရှနိုင်ငံတွေမှာ မိတ်ဆက်ပြသခဲ့ပြီး Honda က လာမယ့် သြဂုတ်မှာ PCX Hybrid ကို ချပြမှာ ဖြစ်ပါတယ်။

Honda ရဲ့ အင်ဂျင်ပါဝါ 150 cc ရှိ PCX Hybrid မော်ဒယ် မှာ ဂျပန် 48-volt လီသီယမ်ဘက္ထရီ တပ်ဆင်ထားပြီး ဆီအသုံးပြုမောင်းနှင်မည်ဆိုပါက လောင်စာဆီတစ်လီတာကို ၅၂.၃ ကီလိုမီတာ ထိ ခရီးရောက်မှာဖြစ်ပါတယ်။ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၆၀ဝ (ဘတ်ငွေ တစ်သိန်းနှစ်သောင်း) သတ်မှတ်ထားပြီး ထိုင်းမှာ တစ်နှစ်ကို စီးရေ ၂၀ဝ၀ ထိ ရောင်းချနိုင်ဖို့ မျှော်မှန်းထားပါတယ်။ 

Yamaha ကုမ္ပဏီရဲ့ ပထမဆုံးထုတ် ဟိုက်ဘရစ်မော်ဒယ် Grand Filano မော်တော်ဆိုင်ကယ်ကိုတော့ ဘတ် ငါးသောင်းငါးထောင့်ငါးရာနဲ့ စတင်ရောင်းချမှာဖြစ်ပြီး တစ်လကို စီးရေ ၇၀ဝ၀ ရောင်ချဖို့ မျှော်မှန်းထားပါတယ်။ မြန်မာငွေကျပ်ငွေ တန်ဖိုးအားဖြင့် Honda ရဲ့ PCX Hybrid က ငါးဆယ့်တစ်သိန်းကျော် ဖြစ်ပြီး Yamaha Grand Filano က နှစ်ဆယ့်သုံးသိန်းကျော် ဖြစ်ပါတယ်။

ထိုင်းပြည်တွင်းမော်တာဆိုင်ကယ်ဈေးကွက်က စီးရေနှစ်သန်းခန့်အနက် ပထမနှစ်ဝက်အတွင်း Honda က ရှစ်ဆယ်ရာခိုင်နှုန်းနဲ့ Yamaha က ၁၅.၂ ရာခိုင်နှုန်း အသီးသီး ဈေးကွက်နေရာ ရရှိထားတယ်လို့ သိရပါတယ်။

Honda က PCX Hybrid ကို အင်ဒိုနီးရှားမှာ ဇူလိုင်လအစောပိုင်းက မိတ်ဆက်ခဲ့ပြီး ဂျပန်မှာ စက်တင်ဘာ ၁၄ မှသာ ရောင်းချသွားမှာဖြစ်ပါတယ်။ Yamaha ကလည်း ဗီယက်နမ်မှာ Grand Filano ကို ဈေးကွက်ထဲ ချနိုင်ဖို့ ပြင်ဆင်နေပါတယ်။

ထိုင်းအစိုးရက ၂၀၁၆ ခုနှစ်ကစပြီး ကားတွေရဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု ပမာဏအပေါ် အခွန် တွက်ချက်ကောက်ခံခဲ့ပါတယ်။ နောက်ပိုင်းမှာ ဆိုင်ကယ်တွေကိုလဲ အလားတူနည်းဖြင့် အခွန်ကောက်ခံဖို့ ရည်ရွယ်ထားတာကြောင့် စွမ်းအင်နှစ်မျိုးသုံး ဟိုက်ဘရစ်မော်ဒယ်တွေ အပြိုင်အဆိုင် ဝင်ရောက်လာတာလဲ ဖြစ်ပါတယ်။

ဘာသာပြန် > မိုးမမ
ကိုးကား > ကျိုဒို