တာချီလိတ်ခရိုင်အတွင်းရှိ ကျေးရွာ ၄၈ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

တာချီလိတ်   ၃၀  စက်တင်ဘာ

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် ခရိုင်အတွင်းရှိ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်း စသည့် မြို့နယ်သုံးမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ထောက်ပံ့ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဖေဖော်ဝါရီလမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။

 

တာချီလိတ်ခရိုင်အတွင်း ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် Cash for Work စီမံကိန်းဖြင့် ခရိုင်အတွင်းရှိ တာချီတ်လိတ်မြို့နယ်မှ ကျေးရွာ ၁၈ ရွာ၊ မိုင်းဖြတ်မြို့နယ်မှ ကျေးရွာ ၁၅ ရွာ၊ မိုင်းယောင်းမြို့နယ်မှ ကျေးရွာ ၁၅ ရွာ စုစုပေါင်း ကျေးရွာ ၄၈ ရွာတွင် ကျေးရွာအဝင်နှင့် ကျေးရွာတွင်းလမ်း ကွန်ကရစ် ခင်းခြင်းလုပ်ငန်း ၃၆ ခု၊ ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းတစ်ခု၊ ကျေးလက်ရေရရှိရေး လုပ်ငန်း လေးခု၊ ဘက်စုံသုံးခန်းမဆောင် တည်ဆောက်ခြင်းလုပ်ငန်း ရှစ်ခု၊ စုစုပေါင်းလုပ်ငန်း ၄၉ ခုကို စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် သန်း ၄၈၀ ၊ ပြည်သူထည့်ဝင်ငွေကျပ် ၂၅၄ ဒသမ ၆၉သန်းဖြင့်  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးပြီး ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် ဖေဖော်ဝါရီလမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း တာချီလိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း၏ ပြောပြချက်အရ သိရသည်။

 

ကျွန်တော်တို့ ဦးစီးဌာနအနေနဲ့တော့ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကို LIFT Fund နည်းပညာအကူအညီနဲ့ စတင်ဆောင်ရွက်ခဲ့တာပါ။ အခုစီမံကိန်းကနေ ကျေးရွာရဲ့ ပကတိလိုအပ်ချက်တွေပါဝင်တဲ့ ဦးစားပေး အလိုက် လုပ်ငန်းစီမံချက်တွေ ရရှိအောင် ကျေးရွာသူကျေးရွာသားတွေ ကိုယ်တိုင်ရေးဆွဲနိုင်ခဲ့ပါတယ်။ ဌာနအနေနဲ့တော့ စီမံချက်ပါ ဦးစာပေးလုပ်ငန်းကို ငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးပြီး စတင် ဆောင်ရွက်ပေးပါတယ်။ စီမံချက်မှာပါဝင်တဲ့ ကျန်လုပ်ငန်းတွေကို မြို့နယ်အဆင့်ဌာနဆိုင်ရာတွေ အခြား ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့ အစည်းတွေရဲ့ ဖွံ့ဖြိုးရေးအစီအစဉ်တွေနဲ့ ချိတ်ဆက်ပြီး ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းတွေ အလွယ်တကူဆောင်ရွက်နိုင်မှာဖြစ်တယ် လို့ ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်းက ဆက်လက်ပြောသည်။

 

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကို တာချီလိတ်ခရိုင်အတွင်း ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင်လည်း တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်း စသည့် မြို့နယ်သုံးမြို့နယ်ရှိ ကျေးရွာပေါင်း(၃၂)ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ၃၂ ခုကို  အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

ကိုစိုင်း(ကျေးလက်)