တောင်သူ ပဲသီးထောင်း

မွန်မွန်စိုး(ကြေးမုံ)

 

တောင်ယာလုပ်ကိုင်ကြတဲ့ တောင်သူများဟာ အများအားဖြင့် သဘာဝ အစားအသောက်များကိုသာ ကြိုက်နှစ်သက် ကြပါတယ်။ ဒါကြောင့်လည်း တောင်သူကြီးများဟာ အသက်ရှည်ကျန်းမာပြီး သန်စွမ်းကြတယ်လို့ ယနေ့တိုင် အများပြည်သူများက လက်ခံယုံကြည်ထားပါတယ်။ အထူးသဖြင့် တောင်သူကြီးများဟာ ရာသီအလိုက် ဟင်းသီးဟင်းရွက်များကို နှစ်ခြိုက်စွာ စားချင်စဖွယ် ဖွယ်ဖွယ်ရာရာ အကြော်၊ အချက်၊ အသုပ်၊ အပြုတ် စသည်ဖြင့် မရိုးနိုင်အောင် ချက်ပြုတ်စားသောက်ကြသည်။ တစ်ခါတစ်ရံ လယ်တောယာတောထဲ တောင်ယာလုပ်ကိုင်ရင်း ခဏတာနားကြတဲ့ အချိန်မျိုးမှာ အမောပြေ အစားပြေအဖြစ် ကောက်ညှင်းပေါင်း၊ ငါးခြောက်မီးဖုတ်၊ လက်ဖက်သုပ် စသဖြင့် ရိုးရာဓလေ့စားစရာများ နဲ့ရေနွေးကြမ်းအမြည်းအဖြစ် စားတတ်ကြပါ တယ်။

 

တောင်ယာထဲ တောင်သူများ စားသောက် တတ်ကြတဲ့ ရိုးရာအစားအသောက်များထဲမှ ရိုးရှင်းပြီး အလွယ်တကူ ပြုလုပ်နိုင်တဲ့ ကျန်းမာရေးနဲ့ညီညွတ်ပြီး ထမင်းနှင့်လည်း တွဲဖက်၍ ဟင်းအဖြစ်လည်းကောင်း၊ ရေနွေးကြမ်းအမြည်းအဖြစ် လည်းကောင်း စားသုံးနိုင်တဲ့ တောင်သူ ပဲသီးထောင်းကို တင်ပြပေးချင်ပါတယ်။

 

ပါဝင်ပစ္စည်းများ

 

ပဲတောင့်ရှည် - တစ်စီး 

 

ပဲပုပ်ခြောက် - နှစ်ချပ် 

 

သံပရာသီး - တစ်လုံး 

 

ကြက်သွန်ဖြူ - နှစ်လုံး 

 

ငရုတ်သီးစိမ်း - အနည်းအငယ် 

 

ဆီ - လက်ဖက်စားဇွန်းတစ်ဇွန်း 

 

ဆား - အနည်းအငယ် 

 

ဟင်းခတ်မှုန့် - အနည်းအငယ်

 

ပြုလုပ်နည်း

 

ပဲပုပ်ခြောက်ကို မီးကင်ထားမယ်။ ကြက်သွန်ဖြူကို အခွံသင်ထားပါ။ ငရုတ်သီး စိမ်းကိုလည်း သန့်စင်အောင် ရေးဆေးထားပါမယ်။ ပဲတောင့်ရှည်ကို သန့်စင်အောင် ရေဆေးပြီး မိမိကြိုက်နှစ်သက်တဲ့အရွယ် ဖြတ်ထားပါ။ ပဲသီးထောင်းဖို့ အမည်တွေအား အသင့်ဖြစ်ပြီဆိုလျှင် ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းတို့ကို ထောင်းပြီးတစ်ဆက်တည်းမှာ ဆား၊ ဟင်းခတ်မှုန့် (အချိုမှုန့်)၊ ပဲပုပ်ခြောက်ပါ ထည့်ထောင်းပါမယ်။ မိမိလိုချင်တဲ့ အနေ အထားမျိုးရပြီးဆိုလျှင် ထောင်းထားတဲ့ အမည်တွေကို ခဏဖယ်ထားပြီး ပဲတောင့်ရှည် ကို ငရုတ်ဆုံထဲ မညက်တညက် နည်းနည်းစီ ထည့်ထောင်းပါ။ ပြီးလျှင် ထောင်းပြီးသား အမည်များကို ရောထည့်ထောင်းပါ။ သံပရာရည် ညှစ်ထည့်ပြီး ဆီဆမ်းကာ သမအောင်မွှေပေးပါ။ အချဉ်၊ အငန်၊ အစပ် အရသာကိုတော့ မိမိကြိုက်နှစ်သက်တဲ့ အနေ အထားမှာထားပါ။ ကဲဒါဆိုရင်တော့ ရိုးရှင်းတဲ့ တောင်သူ ပဲသီးထောင်းရပါပြီ။