တောင်တန်းကိုကျော် ရေပြင်ကိုဖြတ် နမ့်မွန်ရေတံခွန်ဆီသို့ 

ဆောမျိုးနွယ်


ကျွန်တော်တို့လူသားတွေဟာ သဘာဝရဲ့အလှအပတွေကြားမှာ လူးလွန့်လှုပ်ရှားကြရတာကို အလွန်ပျော်မွေ့ကြတယ်လို့ ပြောလို့ရပါတယ်။ ကံအကျိုးပေးကြောင့် နန်းတော်ကြီးလိုအဆောက်အအုံကြီးတွေမှာနေ၊ ကောင်းပေ့ဆိုတဲ့အစားအသောက်တွေကိုစား၊ နောက်ဆုံးပေါ်ဖက်ရှင်အဝတ်အစားတွေကိုထည်လဲဝတ်နိုင်တဲ့သူတွေတောင် သဘာဝရဲ့ရင်ခွင်မှာ တိုးဝှေ့ခိုနားလိုတဲ့အခြေခံစိတ်ရင်းလေးတွေ ကိုယ်စီရှိနေကြပါလိမ့်မယ်။


ဒါကြောင့်လည်း လူနေမှုပတ်ဝန်းကျင်မှာ ပန်းမျိုးစုံတဲ့ ဥယျာဉ်ပန်းခြံကြီးတွေ၊ ရေတံခွန်စိမ့်စမ်းနဲ့ စမ်းချောင်းငယ်လေးတွေ၊ ကြာမျိုးစုံတဲ့ကန်ငယ်လေးတွေကို သဘာဝနဲ့အနီးစပ်ဆုံးတူအောင် လုပ်ယူဖန်တီးလေ့ရှိကြပါတယ်။ ဒါပေမယ့်လည်း လူတွေရဲ့ဖန်တီးမှုတွေဟာ သဘာဝအတိုင်း အသက်ဝင်နေဖို့ကတော့ ကွာဟချက်တွေရှိနေဦးမှာပါ။ ဒီလိုနဲ့ပဲ ကျွန်တော်တို့လူသားတွေဟာ သဘာဝရဲ့အလှအပတွေ တည်ရှိရာနေရာတွေကိုကုန်းတစ်တန်၊ ရေတစ်တန် ခြားနေတယ်ဆိုရင်တောင် အရောက်သွားလေ့ရှိကြပါတော့တယ်။ ကျွန်တော်ဟာလည်း လူထဲကလူမို့ တောတောင်တွေကြားမှာ တည်ရှိနေတဲ့ သဘာဝရဲ့အလှအပနေရာတစ်ခုကို မိသားစုနဲ့အတူခြေဆန့်ဖြစ်ခဲ့ပြန်ပါတယ်။ အဲဒီနေရာကတော့ ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်ထဲကပေါင်းလောင်းမြို့သစ်ကနေ အထက်ပေါင်းလောင်းဆည်ရေပြင်ကိုဖြတ်ပြီး သွားရတဲ့ နမ့်မွန်ရေတံခွန်ပဲ ဖြစ်ပါတယ်။


တောင်တန်းကိုကျော်


နမ့်မွန်ရေတံခွန်ကို နေပြည်တော်ကနေ ကားနဲ့သွားတာဖြစ်လို့ ရန်ကုန်မန္တလေးလမ်းဟောင်းအတိုင်း ပင်လောင်းလမ်းခွဲရှိရာ ကင်းသာလမ်းဆုံကိုမောင်းနှင်ခဲ့ပါတယ်။ ကင်းသာလမ်းဆုံက မိုင်တိုင်အမှတ် ၂၇၁/၃ မှာရှိပါတယ်။


လမ်းဆုံမှာရှိတဲ့ လမ်းညွှန်အမှတ်အသားမှာတော့ ပင်လောင်းသို့ ၆၈ မိုင် ၇ ဖာလုံလို့ ဖော်ပြထားပါတယ်။ ပင်လောင်းဘက်ကို ဦးတည်ပြီးမကြာခင်မှာပဲ တောင်တန်းကိုကျော်ရမယ့် အတက်ခရီးက အကွေ့အကောက် များနဲ့ စတင်ပါတော့တယ်။


ပထမဆုံးတွေ့တဲ့တောင်တန်းကို ကန့်လန့်ဖြတ်တက်ရတာမို့ အတက်မတ်တယ်လို့ ဆိုရမှာပါ။ တောင်ထိပ်ရောက်တဲ့အချိန် နောက်ပြန်လှည့်ကြည့်ရင်နေပြည်တော် တပ်ကုန်းလွင်ပြင်ကို လှမ်းမြင်နေရပါတယ်။ တောင်ထိပ်ကနေပင်လောင်းမြို့နယ်အစအထိ ခပ်ပြေပြေ ပြန်ဆင်းသွားရပါတယ်။ ကြားမှာတော့ ရွာစဉ်ပြတ်လှတယ် မရှိလှပါဘူး။ လမ်းဘေးဝဲ၊ ယာမှာ ဥယျာဉ်ခြံမြေတွေ တွေ့ရပါတယ်။ ပင်လောင်းမြို့နယ်စတာနဲ့ ဒုတိယတောင်တန်းကိုတက်ရပြန်ပါတယ်။ အရှေ့ အနောက်တည်ရှိနေတဲ့ တောင်ကြောအတိုင်းသွားရတာမို့ ပထမတွေ့တဲ့တောင်လောက် အတက်မမတ်ပေမယ့် အကွေ့အကောက်တော့ ပိုများပါတယ်။


အဲဒီတောင်တန်းတက်ပြီး မကြာခင်မှာပဲ ရေပူစမ်းကိုရောက်ပါတယ်။မိုင်တိုင်နဲ့ပြောရရင် ၂၅ မိုင်မှာ ဖြစ်ပါတယ်။ ရေပူစမ်းကျော်တာနဲ့ ရွာမတွေ့ရတော့ပါဘူး။ လမ်းဘေးဝဲ၊ ယာတစ်လျှောက်မှာတော့ သဘာဝသစ်တောကြီးတွေနဲ့ တံမြက်စည်းပင်တွေကိုတွေ့ရပါတယ်။ ဖြတ်ပြီးနေလှန်းအခြောက်ခံထားတဲ့ တံမြက်စည်းရိုးတံလေးတွေကိုလည်း လမ်းတစ်လျှောက်တွေ့မြင်ရပါတယ်။ ဒုတိယတောင်တန်းက အတက်မမတ်ပေမယ့် အဆင်းကတော့မတ်တယ်လို့ ပြောရမှာပါ။ အဆင်းအကွေ့တွေရဲ့လမ်းဘေးမှာ ကွေ့နံပါတ်တွေ ရေးပေးထားပါတယ်။ ကွေ့နံပါတ်(၁)ကနေ (၁၅)အထိရှိပါတယ်။ ကွေ့နံပါတ်(၆)ကစလို့ ကားနဲ့တောင်တန်းကို ကျော်ရမယ့် ခရီးအဆုံးဖြစ်တဲ့ ပေါင်းလောင်းမြို့နဲ့ စက်လှေနဲ့ ဖြတ်သန်းရမယ့် ပေါင်းလောင်းဆည်ရေပြင်ကို အပေါ်စီးကနေလှမ်းမြင်နေရပါပြီ။ ကွေ့အမှတ်(၁၅)ကို ကျော်ပြီးရင်တော့ အတက်၊ အဆင်းကားတွေခဏနားတဲ့ စားသောက်ဆိုင်လေးတစ်ဆိုင်ကို ရောက်ပါတယ်။


အဲဒီနေရာလေးကတော့ ပေါင်းလောင်းမြို့ရဲ့ ရှုခင်းသာလို့ ပြောနိုင်ပါတယ်။ ကားခဏနားရင်း တောင်တွေရဲ့အလယ်မှာရှိတဲ့ မြို့နဲ့ဆည်ကိုနောက်ခံထားပြီး ဓာတ်ပုံရိုက်သူရိုက်၊ ရှုခင်းကိုအာရုံခံသူခံ လုပ်ကြပါတယ်။ဒါပြီးလို့ ဆက်ဆင်းလိုက်ရင်တော့ ပေါင်းလောင်းမြို့ကိုရောက်ပါပြီ။ မိုင်တိုင်အမှတ်(၃၉)မှာ ဖြစ်ပါတယ်။ နေပြည်တော်ကနေ ပေါင်းလောင်းမြို့အထိကားမောင်းချိန် နှစ်နာရီ ကြာပါတယ်။


နောက်ထပ် ဆယ့်ငါးမိနစ်လောက်ဆက်သွားရင် ပေါင်းလောင်းဆည်ကိုဖြတ်ထိုးထားတဲ့ လိန်းလီကြိုးတံတားကြီးကို ရောက်ပါတယ်။ ဆည်ရေပြင်ရယ်၊ကြိုးတံတားကြီးရယ်၊ တံတားအရှေ့ဘက်က ကျောက်တောင်ကြီးရယ်ပေါင်းစပ်ထားတဲ့ မြင်ကွင်းကလည်း ရှုမောဖွယ်ပါပဲ။


နမ့်မွန်ဟနဲ့တွေ့


ပေါင်းလောင်းမြို့ထဲဝင်လာပြီး မိုင်တိုင်အမှတ်(၃၉/၁)ရောက်တော့လမ်းဘေးမှာ “နမ့်မွန်ဟစားသောက်ဆိုင်” ဆိုတဲ့ ဆိုင်းဘုတ်နဲ့ဆိုင်ကို သတိထားမိလိုက်ပါတယ်။ အကြောင်းကတော့ နေ့လယ်ထမင်းစားချိန်ဖြစ်နေတာ ရယ်၊ ဆိုင်ဝင်းထဲမှာ ခရီးသွားကားငယ်တွေ ရပ်ထားတာရယ်၊ ဆိုင်ကသစ်သစ်လွင်လွင်ဖြစ်နေတာရယ်ကြောင့် ဖြစ်ပါလိမ့်မယ်။ မိသားစုကလည်း ဗိုက်ဆာကြပြီဆိုတော့ အဲဒီဆိုင်မှာပဲ နားရင်း၊ စားရင်းနဲ့ နမ့်မွန်ရေတံခွန်အကြောင်းစနည်းနာဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။


ဆိုင်ထဲရောက်တယ်ဆိုရင်ပဲ သမီးသုံးယောက်က ဟင်းလျာမီနူးကောက်ကိုင်ကြတော့တာပါပဲ။ ဖက်ထမင်းနဲ့ ရှမ်းရိုးရာဟင်းလျာခြောက်မျိုးတစ်စုံ တွဲဖက်ရောင်းတာကို တစ်ယောက်တစ်ပွဲမှာလိုက်ကြလေရဲ့။ ဆိုင်ရှင်က မှာတာကို လက်ခံရင်း ရေတံခွန်သွားဖို့အစီအစဉ်ရှိသေးလားလို့ မေးပါတယ်။ကိုယ်သိချင်တဲ့ကိစ္စအတွက် စကားခေါ်လာတော့ အလျဉ်းသင့်လိုက်လေခြင်းဖြစ်ရပါတယ်။


ဆိုင်ရှင်ပြောပြတော့မှ ဒီဆိုင်ကခရီးသွားလုပ်ငန်းနဲ့ တွဲဖွင့်ထားတာမှန်းသိလိုက်ရပါတယ်။ ပေါင်းလောင်းမြို့ကနေ နမ့်မွန်ရေတံခွန်ကို ၁၅ ယောက်စီးစက်လှေတစ်စင်း အသွား၊ အပြန် လေးသောင်းကျပ်၊ အသက်ကယ်အင်္ကျီလည်းငှားပေးကြောင်း၊ အသွား၊ အပြန် စက်လှေစီးချိန် သုံးနာရီ ကြာမည်ဖြစ်ကြောင်း၊ ရေတံခွန်တွင် ညအိပ်ရန်အစီအစဉ်ရှိပါက ထိုနေရာတွင် တည်းခိုနိုင်ကြောင်း၊အစားအသောက်အတွက်လည်း ဒီဆိုင်၏ ဆိုင်ခွဲရှိကြောင်း၊ ပေါင်းလောင်းတွင်ပြန်အိပ်လိုပါကလည်း နမ့်မွန်ဟတည်းခိုခန်းရှိကြောင်း၊ တည်းခိုခအနေနဲ့တစ်ဦးလျှင် ငါးထောင်ကျပ်သာယူထားကြောင်း ဆိုင်ရှင်ကစိတ်ရှည်စွာပြောပြပါတယ်။


ကျွန်တော်တို့က နေပြည်တော်ကနေ နေ့ချင်းပြန်လာတာဖြစ်လို့ တည်းခိုဖို့ကိစ္စအတွက် စိတ်မဝင်စားလှပေမယ့် ရပ်ဝေးကလာတဲ့သူတွေအတွက် သတင်းမျှဝေခြင်းသာ ဖြစ်ပါတယ်။ ခရီးတစ်ခုသွားရင် အန္တရာယ်ကင်းဖို့နဲ့ တည်းခိုနေထိုင်ရေးအဆင်ပြေဖို့က အရေးကြီးမှန်းသိလို့ပါ။ နောက်တစ်ချက်က ခရီးသွားတွေ အန္တရာယ်ကင်းဖို့ ညနေ လေးနာရီကျော်ရင် စက်လှေအသွား၊ အပြန်မလုပ်တော့ဘူးလို့ ပြောပါတယ်။ အချိန်နဲ့ပတ်သက်ပြီး ချိန်ဆနိုင်အောင်ပါ။


ရေပြင်ကိုဖြတ်


ရေပြင်ကိုဖြတ်ဖို့အတွက် စက်လှေဟာ မြောက်အရပ်ယွန်းယွန်းကိုဦးတည်နေပါတယ်။ အင်းလေးဖောင်တော်ဦးဘုရားနဲ့ အင်းတော်ကြီးရွှေမြဉ္ဇူဘုရားတို့ကို အခုလိုပဲ ရေပြင်ကိုဖြတ်ပြီး ဖူးခဲ့ဖူးပါတယ်။ အခုခရီးစဉ်မှာလည်းရေပြင်ကိုဖြတ်ပြီး ရေတံခွန်ကိုသွားတာဆိုပေမယ့် ရေလယ်မှာ တစ်ဝက်မြုပ်နေတဲ့ ရှေးဟောင်းဆုတောင်းပြည့်ဘုရားတစ်ဆူကို ဖူးခဲ့ရပါသေးတယ်။ ဒါပေမယ့်ရေလမ်းခရီးမှာ စက်လှေစီးရင်း မြင်ရတဲ့ရှုခင်းအလှတွေကတော့ ပေါင်းလောင်းဆည်က သာလိမ့်မယ်လို့ထင်ပါတယ်။ ဒါကလည်း လူတစ်ဦးချင်းစီရဲ့အမြင်နဲ့စိတ်ခံစားမှုအပေါ် မူတည်နိုင်တာမို့ တစ်ခုချင်းကို နှိုင်းယှဉ်ပြီးမပြောလိုတော့ပါဘူး။ 


ပေါင်းလောင်းဆည်ရေက ကြည်စိမ်းနေတယ်။ ဒိုက်တွေ၊ မှော်တွေမရှိဘူး။ ဘာအနံ့အသက်မှမရှိဘူး။ လှေသွားလမ်းကြောင်းရဲ့ရေပြင်အကျယ်ဟာ မကျဉ်းလွန်း မကျယ်လွန်းမို့လို့ ကမ်းနှစ်ဖက်က စိုက်ခင်းတွေ၊သဘာဝတောတောင်တွေကို ထင်ထင်ရှားရှား မြင်နေရတယ်။ အထူးသဖြင့်ဆည်ရဲ့ အရှေ့ဘက်ကမ်းမှာ ဆည်နဲ့ အပြိုင်သွယ်တန်းတည်ရှိနေတဲ့ကျောက်တောင်ကြီးတွေက ပေါင်းလောင်းရဲ့အလှကို ပိုပြီးကြွလာစေတယ်လို့ ထင်ပါတယ်။ ဒါ့အပြင် ရေမျက်နှာပြင်ပေါ်ကို ထိုးထွက်တည်ရှိနေကြတဲ့အဖြူရောင်သစ်ခြောက်ပင်တွေကလည်း အမြင်ကိုဆန်းစေပြန်ပါတယ်။


ပြောခဲ့သလို ပေါင်းလောင်းဆည်ရေပြင်နဲ့ အနီးပတ်ဝန်းကျင်အခြေအနေကို ပေါင်းစပ်လိုက်ရင် ရေပြင်ကိုဖြတ်သန်းရင်း ကြာမယ့်အချိန်အတွင်းမှာ ရှုစားရမယ့် မြင်ကွင်းပုံကြမ်းတစ်ခုကို အာရုံခံလို့ရနိုင်လောက်ပြီ ထင်ပါတယ်။စက်လှေကိုလည်း အသွား၊ အပြန်တစ်ဝကြီး စီးရဦးမှာ မဟုတ်ပါလား။စက်လှေပေါ်ကနေ ရေပြင်နဲ့တောတောင် ဆက်စပ်နေတဲ့ရှုခင်းတွေကို ဓာတ်ပုံရိုက်ရင်း၊ အရသာခံရင်း တစ်နာရီ လေးဆယ့်ငါးမိနစ် ကြာတဲ့အချိန်မှာတော့နမ့်မွန်ရေတံခွန်အခြေက နမ့်မွန်ဟ နားနေစခန်းကို ရောက်ရှိခဲ့ပါတယ်။


အဲဒီနေရာမှာတော့ ဝါးနဲ့ဆောက်ထားပြီး တောင်ထန်းဖက်မိုးထားတဲ့စားသောက်ဆိုင်၊ အမှတ်တရပစ္စည်းအရောင်းဆိုင်၊ နားနေဆောင်များနဲ့တည်းခိုဆောင်လေးတွေကို လေးဖက်လေးတန်မှာ ဆောက်ထားပြီး အလယ်မှာ မီးပုံပွဲလုပ်လို့ရအောင် ပေတစ်ရာပတ်လည်လောက်ရှိတဲ့ ကွင်းပြင်ကျယ်ချန်ထားတာကို တွေ့ရပါတယ်။ ခပ်ဝေးဝေးမှာတော့ ကျား/မရေချိုးခန်းနဲ့သန့်စင်ခန်းတွေကိုလည်း သီးသန့်စီ ဆောင်ရွက်ပေးထားပါသေးတယ်။နားနေစခန်းကနေ ရေတံခွန်ကိုလှမ်းမမြင်ရပေမယ့် ရေစီးကျသံကိုတော့ကြားနေရပါပြီ။


နမ့်မွန်ရေတံခွန်ဆီသို့


နားနေစခန်းကိုရောက်တယ်ဆိုရင်ပဲ ကမ်းစပ်မှာ ဧည့်လမ်းညွှန်လူငယ်တစ်ဦးက အသင့်စောင့်ကြိုနေပါတယ်။ သူကပဲ ရေတံခွန်မှာရေကစားဖို့အဝတ်အစားတစ်ခါတည်းလဲခဲ့ဖို့၊ မလိုတဲ့ပစ္စည်းတွေ နားနေဆောင်မှာပဲထားခဲ့ဖို့ အကြံပေးပါတယ်။ ရေတံခွန်ကိုသွားတဲ့အခါမှာ အသက်ကယ်အင်္ကျီဝတ်ခဲ့ဖို့လည်း ပြောပါသေးတယ်။ အားလုံးအသင့်ဖြစ်တဲ့အချိန်မှာတော့ ဧည့်လမ်းညွှန်နောက်ကိုလိုက်ရင်း ခြေကျင်ခရီးစတင်ခဲ့ပါတယ်။ 


နားနေစခန်းကထွက်တာနဲ့ ချောင်းရေပြင်ကိုဖြတ်ထိုးထားတဲ့ ဝါးတံတားပေါ်ကနေ ဖြတ်လျှောက်ရပါတယ်။ ချောင်းကူးဝါးတံတား သုံးခါဖြတ်ပြီးတာနဲ့ စီးကျနေတဲ့ရေတံခွန်အခြေကို ရောက်ပါတော့တယ်။ မိသားစုလိုက်ရေချိုးနေကြသူတွေ၊ ဓာတ်ပုံရိုက်နေကြသူတွေကို တွေ့ရပါတယ်။ရေတံခွန်မှာ ရှိနေတဲ့ရေတွေဟာ စိမ်းပြာရောင်နုနု အရောင်အသွေးရှိပါတယ်။ ဧည့်လမ်းညွှန်ကတော့ ရေတံခွန်စီးဆင်းမှုလှပတဲ့နေရာတွေ၊ ဓာတ်ပုံရိုက်ဖို့ ရှုခင်းကောင်းတဲ့နေရာတွေအထိ တောလမ်းလေးအတိုင်း တစ်ဆင့်ပြီးတစ်ဆင့် မြင့်တဲ့နေရာတွေကို ခေါ်ဆောင်သွားပါတယ်။ ရေထဲဆင်းပြီးအန္တရာယ်ကင်းကင်းနဲ့ ဓာတ်ပုံရိုက်လို့ရအောင်လည်း ကူညီပေးပါသေးတယ်။


ရေတံခွန်ကို တစ်ဆင့်ပြီးတစ်ဆင့်တက်သွားတဲ့ တောလမ်းလေးမှာတော့ ကမ်းပါးယံလေးတွေတက်ရတာတွေ၊ အတက်၊ အဆင်းမတ်တဲ့ နေရာလေးတွေ အနည်းအကျဉ်းရှိပါတယ်။ ဒါပေမယ့် သွားလာလို့လွယ်ကူအောင် ဝါးလှေကားတွေ လက်ရန်းတန်းတွေလုပ်ပေးထားလို့ အခက်အခဲမရှိပါဘူး။ရေတံခွန် အဆင့်လေးဆင့်အထိ တက်ပြီးတဲ့အချိန်မှာတော့ ဆက်သွားလို့ရသေးပေမယ့် ရေချိုးကြဖို့ အောက်ဆုံးရေတံခွန်ကို ပြန်ဆင်းခဲ့ကြပါတယ်။


ဧည့်လမ်းညွှန်ရဲ့ ပြောပြချက်အရကတော့ နမ့်မွန်ရေတံခွန်တစ်ခုလုံးမှာအဆင့်ပေါင်း၂၀ဝ ကျော်ရှိတယ်လို့ ဆိုပါတယ်။ ရေတံခွန်ကိုလာတာက အဲဒီကိန်းဂဏန်းတွေကို ရေတွက်နေဖို့မှမဟုတ်တာ။ အရင်ရောက်ခဲ့ဖူးတဲ့ရေတံခွန်တွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါမှာ တစ်မူကွဲပြားတဲ့အလှအပတွေကိုတွေ့နေရတာနဲ့တင် ကျေနပ်နေပါပြီ။


သွားရင်းလာရင်း လမ်းတစ်လျှောက် သတိထားမိတာလေးရှိပါသေးတယ်။မလှမ်းမကမ်းနေရာတိုင်းမှာ အမှိုက်ထည့်ဖို့ ဝါးနဲ့ပြုလုပ်ထားတဲ့ ခြင်းတောင်းလေးတွေ ချထားပေးတာကို တွေ့ရပါတယ်။ လမ်းတစ်လျှောက်လုံးလည်းသန့်ရှင်းနေပါတယ်။ ခရီးသွားလုပ်ငန်းနဲ့တွဲဖက်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုပါ အလေးထားဆောင်ရွက်နေတာကို တွေ့ရလို့ဝမ်းမြောက်မိပါတယ်။ ညနေ ၄ နာရီမထိုးခင် စက်လှေထွက်မှ မမှောင်ခင် ပေါင်းလောင်းကို ပြန်ရောက်မှာမို့ ရေတံခွန်မှာရေချိုးပြီးတာနဲ့ နားနေစခန်းကိုပြန်ခဲ့ကြပါတယ်။ နားနေစခန်းကို ပြန်ရောက်တဲ့အချိန်မှာတော့ အဆောက်အအုံတွေရဲ့ အလယ်မှာရှိတဲ့ ကွင်းပြင်မှာ ထင်းတုံးတွေခေါင်းဆိုင်ပြီး ထောင်နေကြတာကို တွေ့ရပါတယ်။


နားနေစခန်းမှာညအိပ်မယ့်အဖွဲ့တွေအတွက် မီးပုံပွဲလုပ်လို့ရအောင်စီစဉ်ပေးနေတာလို့ သိရပါတယ်။ အဲဒီအခိုက်အတန့်လေးမှာပဲ အတွေးတစ်ခုက လျှပ်စီးလက်သလိုဝင်လာပါတယ်။ ရှေးတုန်းကမြန်မာမင်းတွေ ဧရာဝတီမြစ်ထဲဆင်းပြီး ရေကစားခဲ့ကြတာတွေ၊ တောကစားထွက်ပြီး သစ်ခက်တဲနန်းမှာညဉ့်အိပ်ညဉ့်နေ နေရင်းရတဲ့ တောကောင်သားကို မီးကင်စားခဲ့ကြတာတွေဟာဒီသဘောပဲဖြစ်လိမ့်ဆိုတဲ့အတွေးပဲ ဖြစ်ပါတယ်။


ဒီလိုပဲ မြို့ပြတိုက်ကြီးပေါ်မှာနေတဲ့သူတွေလည်း တောထဲတောင်ထဲကယာယီမြေစိုက်တဲလေးမှာ စတည်းချရတာကိုပျော်မွေ့သလို ဖွယ်ဖွယ်ရာရာစားကောင်းသောက်ဖွယ်တွေကို စားနေတဲ့သူတွေလည်း မီးပုံဘေးထိုင်ပြီးအသားတစ်တုံးကို တံစို့ထိုးကင်စားလိုက်ရရင်ဆိုတဲ့ ချင်ခြင်းမျိုးလည်း ရှိနိုင်ပါတယ်။


သိန်းဆယ်ချီတန်တဲ့ယမကာထက် ရိုးရာခေါင်ရည်ချိုရှရှကို လျှာပေါ်တင်ကြည့်လိုက်ချင်တာဆိုတဲ့ အာသီသမျိုးလည်းရှိကြမှာပါ။ ဒါဟာ ဘာလဲဆိုရင် သဘာဝရဲ့အစစ်အမှန်တွေကို တမ်းတမှုလို့ပဲ အဓိပ္ပာယ်ဖွင့်ဆိုချင်ပါတယ်။


ဒါကိုပဲ သဘာဝရဲ့ခေါ်သံ၊ သဘာဝရဲ့ဖမ်းစားမှုလို့တင်စားကြပြန်ပါတယ်။ ကျွန်တော်ကတော့ ကိုယ့်မြေ၊ ကိုယ့်ရေပေါ်မှာတည်ရှိနေတဲ့ သဘာဝကပေးထားတဲ့ အမွေအနှစ်တွေကို ချစ်ခင်မြတ်နိုးတတ်မှုလို့ပဲ မြင်ပါတယ်။ဒီအမွေအနှစ်တွေကို ကမ္ဘာတည်သရွေ့ မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းပေးနိုင်ဖို့က ကိုယ်တိုင်ကချစ်ခင်မြတ်နိုးတတ်နေမှ မဟုတ်ပါလား။ ။


ကြေးမုံ