တက်ညီလက်ညီကြိုးပမ်းမှ ပန်းတိုင်ရောက်မည်

“မိမိတို့သည် ခေတ်ဟောင်း စနစ်ဟောင်းမှ ခေတ်သစ်စနစ်သစ်သို့ ကူးပြောင်းနေသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါကြောင်း၊ ထိုသို့ကူးပြောင်းရာတွင် ရှေးရိုးစွဲလမ်းဟောင်းများမှ လမ်းသစ်များ ဖောက်ထွက်ရခြင်းများရှိ ပါကြောင်း၊ ယခုအချိန်ကာလတွင် တာဝန်ရှိသူများအားလုံး တက်ညီ လက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မှသာ မိမိတို့၏ ရည်ရွယ်ချက် ပန်းတိုင်ကို ရောက်ရှိမည်ဖြစ်ပါကြောင်း” ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည့် ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်များ (ပြည်သူ့၊ အမျိုးသား၊ ပြည်နယ်)နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲ၌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က လမ်းညွှန် မှာကြားခဲ့သည်။ 


နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သွားရောက်ပြီး ဒေသတာဝန်ရှိသူများအား ဒီမိုကရေစီအသွင်ကူးပြောင်း ရေးနှင့် နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် မကြာခဏတိုက်တွန်းနှိုးဆော်လျက်ရှိရာ တွင် မူလလုပ်ရိုးလုပ်စဉ် ရှေးရိုးစွဲလမ်းဟောင်းများ၊ အယူအဆ၊ အတွေး အခေါ်ဟောင်းများကိုဖယ်ရှား၍ ပြည်သူကိုအကျိုးပြုသည့် လုပ်နည်း ကိုင်နည်းသစ်များဖြင့် ပြုပြင်ပြောင်းလဲဆောင်ရွက်ရေးကို ဦးတည် မှာကြားခဲ့သည်။ 


လောကနိယာမတရားအရ ပြောင်းလဲခြင်းသည် အစဉ်အမြဲဖြစ်ပေါ် နေမည်သာဖြစ်သည်။ မပြောင်းလဲခြင်းသည် လောကနိယာမတရားကို ဆန့်ကျင်ခြင်းဖြစ်ပြီး အများအတွက် အကျိုးမရှိသောလုပ်ရပ်သာ ဖြစ်သည်။ လောကကြီး၏ ပြောင်းလဲမှုဖြစ်စဉ်တွင် လိုက်လျောညီထွေ ဖြစ်အောင် လိုက်ပါပြောင်းလဲရမည်ဖြစ်သည်။ နိုင်ငံတော်နှင့် ပြည်သူ အကျိုးရှိသည့် ပြုပြင်ပြောင်းလဲမှုမှာ လောကပါလတရားများကို အခြေခံ သည့် ဒီမိုကရေစီစနစ်ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီစနစ် အခြေခိုင်မာအောင် တည်ဆောက်နေရသည်။


နိုင်ငံတော်နှင့် ပြည်သူအကျိုးကို ဆောင်ရွက်ရာတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးသည် ဒီမိုကရေစီစနစ်၏ အဓိကကျသည့် မဏ္ဍိုင်များဖြစ်သည်။ အစဉ်အမြဲဖြစ်ပျက်ပြောင်းလဲနေသော လောက၏ အခြေအနေအရ ပြောင်းလဲမှုများကို ဆောင်ရွက်ရာတွင် ဥပဒေပြုရေး အပိုင်း၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးသည် ယနေ့အချိန် အခါတွင် လိုအပ်နေသည်။ ပြည်သူတစ်ရပ်လုံးမျှော်မှန်းထားသည့် ဒီမို ကရေစီဖက်ဒရယ်ပြည်ထောင်စုနှင့် ဆီလျော်ကိုက်ညီသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာရန် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။ 


ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးကဏ္ဍသည် နိုင်ငံတော်နှင့်ပြည်သူကို ရှေ့ဆောင်လမ်းပြဆောင်ရွက်ရသဖြင့် အထူး အရေးကြီးသည်။ ထို့ကြောင့် နိုင်ငံတော်သမ္မတက အုပ်ချုပ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို အထူးဦးစားပေး လမ်းညွှန်မှာကြားနေသည်။ အုပ်ချုပ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးမှာ မူဝါဒနှင့် ဦးဆောင်သူများ ပြုပြင်ပြောင်းလဲခြင်းဖြင့် မပြီးမြောက်နိုင်ချေ။ အောက်ခြေတာဝန်ရှိသူများ နှင့် ဝန်ထမ်းများအားလုံး လိုက်ပါပြောင်းလဲမှသာလျှင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အောင်မြင်မည်ဖြစ်သည်။ 


အုပ်ချုပ်ရေးဆိုင်ရာ အပြောင်းအလဲနှင့်ပတ်သက်၍ ပုံစံကျနေသည့် အလေ့အထများကို ပြုပြင်ပြောင်းလဲပေးနိုင်မှသာ တိုင်းပြည်နှင့် နိုင်ငံသား များလည်း လိုက်ပါပြောင်းလဲလာမည်။ တာဝန်ရှိသူများ အပြောင်းအလဲ တစ်ခု ဖော်ဆောင်ရန်အတွက် မိမိကိုယ်ကို မည်မျှပြောင်းလဲနိုင်ပြီကို ဆန်းစစ်ကြရန်လိုသည်။ မိမိကိုယ်ကို ပြောင်းလဲနိုင်မှသာ အခြားသူများကို ပြောင်းလဲပေးနိုင်မည်ဟု နိုင်ငံတာ်သမ္မတက မှာကြားထားသည်။ ထို့ကြောင့် နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ ဌာနဆိုင်ရာ တာဝန်ရှိသူများအားလုံး မိမိတို့၏စိတ်ဓာတ်နှင့် အပြုအမူများ လိုက်ပါ ပြောင်းလဲခြင်းရှိ၊ မရှိကို ဆန်းစစ်သုံးသပ်ကြည့်ရမည်ဖြစ်သည်။ 


သို့ဖြစ်ရာ ရည်မှန်းထားသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပန်းတိုင်သို့ အလျင်အမြန်ရောက်ရှိရေးအတွက် ဒီမိုကရေစီစနစ်နှင့် လိုက်လျောညီထွေဖြစ်သည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် ကိုယ်စီကိုယ်စီ အသိတရားဖြင့် တက်ညီ လက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။ ကြေးမုံ