တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၅) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနား တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော် ၂၆  ဒီဇင်ဘာ

ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၅) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားအားယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) စစ်ရေးပြကွင်း၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်လောင်းတပ်ခွဲ၏ အလေးပြု ခြင်းကိုခံယူပြီး ဗိုလ်လောင်းတပ်ခွဲကို စစ်ဆေးသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဗိုလ်လောင်းတပ်ခွဲက အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းမှ အကောင်းဆုံး ဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်း ခင်မိုးမြင့်အား ဆုပေးအပ်ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်းပြောကြားရာတွင် လက်ရှိကမ္ဘာပေါ်၌ အမျိုးသမီးများ၏ အခန်းကဏ္ဍကျယ်ပြန့် လာသည်နှင့်အမျှ နိုင်ငံရေးနှင့် အစိုးရဝန်ထမ်း ထိပ်ပိုင်းနေရာများတွင် တာဝန်ထမ်းဆောင်နေကြသူများနှင့် ထူးချွန်ထက်မြက်သည့် အမျိုးသမီး ပညာရှင်များ ရှိနေကြပြီဖြစ်ကြောင်း၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ရန် ဆွေးနွေးမှုများရှိနေပြီး မိမိတို့နိုင်ငံအနေဖြင့်လည်း အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးရှိ တပ်မတော်များတွင် အမျိုးသမီးတပ်ဖွဲ့ဝင်များ၏ အခန်းကဏ္ဍသည်လည်း များစွာတိုးတက်လာခဲ့ပြီး အဆင့်မြင့်တာဝန်များကို ထမ်းဆောင်လျက် ရှိသည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့ တပ်မတော်တွင် အမျိုးသမီးစစ်မှုထမ်းများ၏ အခန်းကဏ္ဍကိုပါ မြှင့်တင်ရန်အတွက် ဘွဲ့ရအမျိုးသမီးအရာရှိများကို ပြန်လည်မွေးထုတ် တာဝန်ပေးအပ်လျက်ရှိရာ ယခုအခါအမျိုးသမီး အရာရှိများထဲမှ ခြောက်ဦးကို တပ်မတော် (လေ)အတွက် ပထမဆုံး အမျိုးသမီး လေသူရဲအရာရှိများအဖြစ် သင်ကြားလေ့ကျင့်ပေးနိုင် ခဲ့ပြီး ဖြစ်သဖြင့် အမျိုးသားများနှင့်တန်းတူ ပျံသန်းရေးတာဝန်များကို စတင်ထမ်း ဆောင်နေပြီ ဖြစ်ကြောင်း၊ အလားတူ အာဆီယံ တပ်မတော်များ သေနတ်ပစ်ပြိုင်ပွဲများတွင်လည်း နှစ်စဉ်ဆက်တိုက် ရွှေတံဆိပ်ဆုများ ရယူနိုင်ခဲ့သည်အထိ အမျိုးသမီးစစ်မှုထမ်းများက စွမ်းဆောင်နိုင်လျက်ရှိကြောင်း။

နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ကာကွယ်ရေးတာဝန် ထမ်းဆောင်ကြရာတွင် မိမိတို့၏ တာဝန်ဝတ္တရားများကို ထူးချွန်ပြောင်မြောက်သည့် ရဲစွမ်းသတ္တိဖြင့် ဇွဲလုံ့လစိုက်ထုတ်ပြီး စွန့်လွှတ်စွန့်စား စွာဖြင့် တာဝန်ထမ်းဆောင်ကြရန် လိုအပ်ကြောင်း။

မိမိတို့ မြန်မာနိုင်ငံအတွင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးရှိ ဒေသများ၌ တိုင်းရင်းသား လူမျိုးစုတစ်ခုတည်းသာ နေထိုင်ကြသည် မဟုတ်ဘဲ အားလုံးပေါင်းစည်း နေထိုင်ကြခြင်းဖြစ် ကြောင်း၊ တိုင်းရင်းသားလူမျိုးစုတစ်ခု တည်းကိုသာ အခွင့်အရေးပေး ထားသည့် နေရာများမရှိသည့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား အားလုံးကို အခြေခံဥပဒေတွင် တန်းတူအခွင့်အရေးပေးထားပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အတတ် နိုင်ဆုံး ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ယခုအခါတွင် ၂ဝ၁၉ ခုနှစ်၊ ဧပြီလ ၃ဝ ရက်နေ့အထိ တပ်မတော်မှ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအားလုံး ရပ်ဆိုင်းပေးထား ပြီးဖြစ်သဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် ဒီမိုကရေစီကိုလိုလား လက်ခံသည်၊ တိုင်းပြည်စည်းလုံး ညီညွတ် စွာဖြင့် ဖွံ့ဖြိုးတိုးတက်သည်ကို လိုလားသည်ဆိုလျှင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပြီး တပ်မတော် အနေဖြင့်လည်း လိုအပ် သည်များ ကူညီဖြေရှင်းညှိနှိုင်းဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ငြိမ်းချမ်း ရေးကို ကြိုးပမ်းဖော်ဆောင်နေသည့် ယနေ့အချိန်အခါတွင် မိမိတို့အနေဖြင့် တစ်တပ်တစ်အား ပါဝင်ကြိုးပမ်းသွားကြ ရမည်ဖြစ်ကြောင်း၊ မိမိတို့၏အပြုအမူ၊ အပြောအဆိုကြောင့် နိုင်ငံတော်၏ ရည်မှန်း ချက်နှင့်တပ်မတော်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းပျက်ပြားမှုမရှိစေရေး အထူး မှာကြား လိုကြောင်း ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဗိုလ်လောင်းတပ်ခွဲ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေး ပြ အခမ်းအနားမှ ပြန်လည်ထွက်ခွာသွားသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် တပ်မတော် (ကြည်း) ဗိုလ်သင်တန်း ကျောင်း (မှော်ဘီ) ရိပ်သာဧည့်ခန်းမ ၌ အကောင်းဆုံး ဗိုလ်လောင်းဆုရ ဗိုလ်လောင်း ခင်မိုးမြင့်၊ သေနတ်ပစ် အကောင်းဆုံးဆုရ ဗိုလ်လောင်း နော်အေးမြတ်သွယ်နှင့်၎င်းတို့၏မိဘများ အားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

ညပိုင်းတွင် သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားကို တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပ ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ၊ သင်တန်းဆင်း အရာရှိများနှင့် မိဘဆွေမျိုးများ တက်ရောက်ကြကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်

ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

mdn