၁၅ ရက်ကြာ ပိတ်ထားသည့် ကျင်စန်းကျော့နယ်စပ်ဂိတ် ပြန်ဖွင့်

မန္တလေး ၁၀ ဇန်နဝါရီ

 

ဒီဇင်ဘာလကုန်ပိုင်းက စတင်ပိတ်ခဲ့သည့် မူဆယ် ၁၀၅ မိုင်ရှိ ကျင်စန်းကျော့ နယ်စပ်ဂိတ် ယနေ့မနက်တွင် ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ကြောင်း မူဆယ်မြို့က သစ်သီးကုန်သည်များထံက သိရသည်။

    
နယ်စပ်လုံခြုံရေး အခြေနေများကြောင့် ကျင်စန်းကျော့ နယ်စပ်ဂိတ်ကို ဒီဇင်ဘာလ ၂၇ ရက်မှ စတင်ပိတ်ခဲ့ရာ ၁၅ရက်ကြာပြီး ယနေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ယခုအခါ ကျင်စန်းကျော့ဂိတ်၊ ကြူကုတ်-ပန်ဆိုင်း လမ်းတွေကနေ ကုန်တင်ကားများ သွားလာနေပြီဖြစ်ကြောင်း သိရသည်။

 

‘ကျင်စန်းကျော့ ဂိတ်ကပွင့်သွားပြီ၊ ဒီနေ့မနက်ကစပြီး ပွင့်တယ်။ အခုဆိုရင် ကျင်စန်းကျော့ဂိတ်ရော၊ ကြူကုတ်-ပန်ဆိုင်းလမ်းရော နှစ်လမ်းစလုံးက သွားနေတယ်’ ဟု ခွာညိုသစ်သီးပွဲရုံ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းခင်မောင်က ပြောသည်။ 

 

ကျင်စန်းကျော့ နယ်စပ်ဂိတ် ၁၅ ရက်ကြာ ပိတ်ခဲ့သည့်အတွက် သစ်သီးတင်ကား ၅၀ဝ၀ ခန့် ပိတ်မိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း တစ်သိန်းခန့် ရှိကြောင်းသိရသည်။ 

 

‘ပိတ်လိုက်တယ်။ ပြန်ဖွင့်တယ်ဆိုတာ အလွယ်တကူပါပဲ။ ထိခိုက်သွားတဲ့သူတွေ အတွက်ကတော့ ဘဝတစ်သက်မှာ မမေ့နိုင်စရာ အဖြစ်အပျက်ကြီးပါပဲ။ သစ်သီးလုပ်ငန်းလုပ်တဲ့ နှစ်သုံးဆယ်မှာ တခါမှမကြုံဖူးတဲ့ အဖြစ်အပျက်ကြီးပဲ။ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး’ ဟု မူဆယ်သစ်သီးဝလံ ကုန်စည်ဒိုင်ဥက္ကဌ ဦးစိုင်းမြင့်ဗိုလ်က ပြောသည်။

 

တရုတ်ပြည်ဘက်တွင် မြန်မာဘက်မှ သစ်သီးကား အဝင်များသည့်အတွက် သစ်သီးဈေးနှုန်း ကျဆင်းနိုင်သည်ဟု ကုန်သည်များက ခန့်မှန်းပြောဆိုကြသည်။

 

ကျင်စန်းကျော့ ဂိတ်ပိတ်ပြီးနောက် ဒီဇင်ဘာလကုန်ရက်က ဖရဲဈေးကွက် ပေါက်ဈေးတွင် ဖရဲအမျိုးအစား ၈၅၅ တစ်တန်လျင် ၁၂၀ဝ-၁၈၀ဝ ယွမ်။ အစေ့မဲ့ ၁၆၀ဝ-၂၃၀ဝ ယွမ်၊ထိုင်ဝမ် ၁၄၀ဝ-၂၀ဝ၀ ယွမ်ရှိခဲ့ပြီး ဇန်နဝါရီ ၅ရက်နေ့တွင် ဖရဲသီး ၈၅၅တစ်တန် ၁၈၀ဝ-၂၄၀ဝယွမ်၊ အစေ့မဲ့ ၂၆၀ဝ-၃၂၀ဝ ယွမ်၊ ထိုင်ဝမ်ဆိုက်ဒ်ကြီး ၁၈၀ဝ-၂၇၀ဝ ယွမ်နှင့် ၈ ရက်နေ့က ၈၅၅-တစ်တန် ၁၇၀ဝ-၂၂၀ဝ ယွမ်။ အစေ့မဲ့ ၂၀ဝ၀-၂၇၀ဝ ယွမ်။ ထန်ဝမ် တစ်တန် ၁၈၀ဝ-၂၀ဝ၀ ယွမ်ဖြင့် ဈေးကွက်သွက်လက်စွာ ရောင်းအားကောင်းခဲ့ကြောင်း သိရသည်။

 

ကျင်စန်းကျော့ နယ်စပ်ဂိတ်သည် တရားဝင်ဖွင့်လှစ်ထားသည့် ဂိတ်မဟုတ်ပေမယ့် လူစည်ကားသည့် မြို့များကို မဖြတ်သန်းရပဲ သွားလာနိုင်သည့်အတွက် သစ်သီးတင်ကားများအဖို့ အဆင်ပြေဆုံး လမ်းတစ်ခု ဖြစ်သည်ဟုသိရသည်။ ထို့ကြောင့် ကျင်စန်းကျော့ နယ်စပ်ဂိတ်အား တရားဝင်ဖွင့်လှစ်ပေးရန် နှစ်နိုင်ငံ MOU ရေးထိုးဖို့ တောင်သူများနှင့် ကုန်သည်များက တောင်းဆို နေကြသည်။ 

 

အိမို့မို့ခိုင်