၂၀၁၈ ခုနှစ် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ဆက်လက် ကျင်းပ

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၁၈ ခုနှစ်၊ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီမှစ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း/ အားကစားရုံ အသီးသီး၌ ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ အဆင်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာသိန်းဝင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည့်တော်များ၊ အားကစားဝါသနာရှင် မိဘပြည်သူများ တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။
ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ပြေးခုန်ပစ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ အမျိုးသမီးမီတာ ၅၀ဝ၀ အပြေးပြိုင်ပွဲတွင် ဗီယက်နမ်မှ ပထမ၊ မြန်မာမှ ဒုတိယ၊ စင်ကာပူမှ တတိယ ရရှိခဲ့သည်။

မြို့တော်ဂေါက်ကွင်းတွင် အမျိုးသား/အမျိုးသမီး ဂေါက်သီးရိုက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ရာ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတွင် (၃)ရက်ပေါင်း ရိုက်ချက် (၂၂၀)ဖြင့် မြန်မာနှင့် ထိုင်းတို့မှ အဆင့်(၁)နေရာတွင် ပူးတွဲရပ်တည်နေ၍ လည်းကောင်း၊ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာမှ ရိုက်ချက်(၂၁၅)ဖြင့် အဆင့်(၂)နေရာတွင်လည်းကောင်း၊ အမျိုးသားအသင်းလိုက်ပြိုင်ပွဲနှင့် အမျိုးသမီးအသင်းလိုက် ပြိုင်ပွဲများတွင် မြန်မာမှ တတိယနေရာဖြင့် ဆက်လက်ယှဉ်ပြိုင်လျက်ရှိသည်။

ငလိုက်ဆည်တွင် လှေလှော်ပြိုင်ပွဲကျင်းပရာ အပြည်ပြည်ဆိုင်ရာလှေ အမျိုးသား (၄)တက်လှော် မီတာ ၁၀ဝ၀ ပြိုင်ပွဲတွင် အင်ဒိုနီးရှားအသင်းမှ ပထမ၊ ထိုင်းအသင်းမှ ဒုတိယ၊ မြန်မာအသင်းမှ တတိယကိုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာလှေ အမျိုးသမီး (၈)တက်လှော် ပြိုင်ပွဲတွင် ထိုင်းအသင်းမှ ပထမ၊ မြန်မာအသင်းမှ ဒုတိယကိုလည်းကောင်း၊ အမျိုးသား/အမျိုးသမီး မီတာ ၁၀ဝ၀ ၁၀ တက်လှော် ရိုးရာလှေပြိုင်ပွဲတွင် ထိုင်းအသင်းမှ ပထမ၊ မြန်မာအသင်းမှ ဒုတိယ၊ စင်ကာပူအသင်းမှ တတိယကိုလည်းကောင်း ရရှိခဲ့ပြီး ပြိုင်ပွဲများအပြီးဆုပေးပွဲကို ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းမှ ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ မြားပစ်ပြိုင်ပွဲ၊ ဘက်စကတ်ဘောပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲများကို သက်ဆိုင်ရာ အားကစားကွင်း/အားကစားရုံ အသီးသီးတို့တွင် ဆက်လက်ယှဉ်ပြိုင် ကစားလျက်ရှိကြောင်း သိရှိရသည်။

ပီတန်းအားကစားကွင်းတွင် အမျိုးသား/အမျိုးသမီး တစ်ဦးချင်း Shooting ပြိုင်ပွဲများ ယှဉ်ပြိုင်ရာ အမျိုးသမီး တစ်ဦးချင်း Shooting ပြိုင်ပွဲတွင် မြန်မာမှ ယဉ်ယဉ်ဝင်းရှိန်က မလေးရှား အားကစားသမားကို (၃၅)မှတ် (၂၇)မှတ်ဖြင့် ဆီမီးဖိုင်နယ်တွင် အနိုင်ရရှိခဲ့ပြီး ဖိုင်နယ်ပွဲသို့ တက်ရောက်၍ ဆက်လက်ယှဉ်ပြိုင်ရာ လာအိုမှ မြန်မာကို (၃၄)မှတ် (၁၆)မှတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပထမ လာအို၊ ဒုတိယ မြန်မာ၊ တတိယ ထိုင်းတို့အား နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းနှင့် တာဝန်ရှိသူများမှ ဆုများပေးအပ် ချီးမြှင့်ခဲ့သည်။ 
ပိုက်ကျော်ခြင်း အားကစားရုံတွင် အမျိုးသား(၂)ယောက်တွဲ (Regu) ပြိုင်ပွဲကို ယှဉ်ပြိုင်ရာ မြန်မာအသင်းမှ လာအိုအသင်းကို (၂)ပွဲ(၁)ပွဲဖြင့် အနိုင်ရရှိခဲ့သည်။ ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပထမ မြန်မာအသင်း၊ ဒုတိယ လာအိုအသင်း၊ တတိယ ထိုင်းအသင်းတို့အား အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများမှ ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

ယနေ့ညနေပိုင်းအထိ ပြိုင်ပွဲများတွင် မြန်မာအသင်းမှ ရွှေတံဆိပ် (၁၁)ခု၊ ငွေတံဆိပ် (၁၄)ခု၊ ကြေးတံဆိပ် (၁၆)ခုဖြင့် အသီးသီးရရှိထားကြောင်း သတင်းရရှိသည်။

 

အား/ကာ