၂၀၁၉ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက်

လေရှီး ၁၅ ဇန်နဝါရီ 

 

၂၀၁၉ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ယနေ့နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့ အမှုထမ်းရပ်ကွက်ရှိ ရိုးရာကွင်း၌ ကျင်းပရာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက်သည်။

 

14

 

အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကြည်မင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလှမော်ဦး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဖုန်းမြတ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကေဆိုင်းနှင့် တာဝန်ရှိသူများ၊ နာဂမျိုးနွယ်စု တိုင်းရင်းသားခေါင်းဆောင်များ၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု(ဗဟို)မှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ တက်ရောက်ကြသည်။

 

223


ရှေးဦးစွာ အခမ်းအနားကို နိုင်ငံတော်အလံအလေးပြု၍ ဖွင့်လှစ်ပြီး အခမ်းအနား သဘာပတိ နာဂတိုင်းရင်းသား ဦးအောင်ဝင်းက အဖွင့်အမှာစကား ပြောကြားသည်။

 

335

 

ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက နှုတ်ခွန်းဆက်အမှာစကား ပြောကြားရာတွင် ယနေ့သည် နာဂတိုင်းရင်းသားများ၏ ၂၀၁၉ ခုနှစ် ရိုးရာနှစ်သစ်ကူးပွဲတော်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ နေ့ထူးနေ့မြတ်တွင် နာဂတိုင်းရင်းသားများနှင့်တကွ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေဟု ဆုတောင်းမေတ္တာ ပို့သရင်းဦးစွာ နှုတ်ခွန်းဆက်သအပ်ပါကြောင်း။ 

 

22555

 

ယခုနှစ် ကျင်းပပြုလုပ်သော နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို တက်ရောက်ခွင့်ရသည့်အတွက် လွန်စွာဝမ်းမြောက် ဝမ်းသာဖြစ်မိသည်ကိုလည်း ပြောကြားလိုပါကြောင်း။

 

နာဂတိုင်းရင်းသားများ၏ ရိုးရာနှစ်သစ်ကူးပွဲတော်ကို မိရိုးဖလာတောင်ယာ လုပ်ငန်းခွင်နှင့် လယ်ယာလုပ်ငန်းခွင်များမှ ကောက်ပဲသီးနှံများ ရိတ်သိမ်းပြီးသည့် နောက်နှစ်သစ် တောင်ယာနှင့် လယ်ယာလုပ်ငန်းခွင်မဝင်မီ ကျင်းပသည်ကို သိရှိရပါကြောင်း။

 

နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ယခင်က နှစ်စဉ်ကျေးရွာအလိုက် ကျင်းပခဲ့ပြီး ၁၉၅၆ - ၁၉၅၇ ခုနှစ်တွင် နာဂတိုင်းရင်းသားအကြီးအကဲများ၏ ဦးဆောင်မှုနှင့် မြို့နယ်အဆင့် နှစ်သစ်ကူး ပွဲတော်များကို ကျင်းပခဲ့ပါကြောင်း၊ ၁၉၉၀ ပြည့်နှစ်တွင် နာဂမျိုးနွယ်စု အကြီးအကဲများ၏ ညှိနှိုင်းတိုင်ပင်မှုဖြင့် ဇန်နဝါရီ ၁၅ ရက်ကို နာဂရိုးရာ နှစ်သစ်ကူးပွဲတော်အဖြစ် သတ်မှတ်ခဲ့ကြခြင်း ဖြစ်ပါကြောင်း။

 

၁၉၉၃ ခုနှစ်မှစပြီး နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို နိုင်ငံတော်၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပခဲ့ပါကြောင်း၊ ၂၀ဝ၁ ခုနှစ်မှစပြီး နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို နိုင်ငံတော် အဆင့်အဖြစ် နာဂဒေသ လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့များတွင် ကျင်းပခဲ့သည်မှာ ယခုနှစ်တွင် (၁၉)ကြိမ်မြောက် ရှိပြီဖြစ်ပါကြောင်း။

 

နာဂတိုင်းရင်းသား ညီအစ်ကိုမောင်နှမများသည် ယခုပွဲတော်၌ မိမိတို့အချင်းချင်း နှစ်ဟောင်းတွင် တွေ့ခဲ့ရသော အတွေ့အကြုံများ ဖလှယ်နိုင်ကြပါစေ၊ နှစ်သစ်မှာ ကြုံတွေ့ရနိုင်သည့် အခက်အခဲများကို ကြိုတင်ဖြေရှင်းနိုင်မည့် အစီအမံများကိုလည်း ချမှတ်နိုင်ကြပါစေဟု ဆန္ဒပြုအပ်ပါကြောင်း။

 

၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ၆ ခုရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတစ်ခု၊ ရှမ်းပြည်နယ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသ ၅ ခုရှိပါကြောင်း၊ နာဂလူမျိုးများ၏ သမိုင်းကြောင်းကို လေ့လာရာ၌ မျိုးနွယ်စုကြီး ၄ စုနှင့် မျိုးနွယ်စုငယ် ၁၀ဝ ကျော်ရှိသည်ဟု သိရပါကြောင်း၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုများ မပျောက်ပျက်စေရန် နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များကို ဖွဲ့စည်းထားသည်ကိုလည်း တွေ့ရပါကြောင်း၊ ယခုကဲ့သို့ နာဂဒေသ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် နာဂဒေသ၏ တည်ငြိမ်အေးချမ်းမှုကို ပြသနေခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဖွံ့ဖြိုးမှုကွာခြားချက်နည်းနိုင်သမျှ နည်းစေရန် အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 

နိုင်ငံတော်အစိုးရအနေဖြင့် စတင်တာဝန်ယူရသည့်အချိန်မှစပြီး ရည်မှန်းချက်(၃)ရပ် ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ ရည်မှန်းချက်များမှာ - 

 

(၁)    တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ 

 

(၂)    အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် 

 

(၃)    ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ ဖြစ်ပါကြောင်း။

 

ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် ရည်မှန်းချက်အတိုင်း ပြည်သူများ၏ လူနေမှုဘဝအဆင့်အတန်း တိုးတက်မြင့်မားလာရေးအတွက် အစီအမံများချမှတ် အကောင်အထည်ဖော်သည့်နေရာတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကဲ့သို့ အလှမ်းဝေးသော နယ်စပ်ဒေသတွင်ရှိသည့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာအောင်လည်း ကြိုးစားစီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 

ပြည်သူများမျှော်မှန်းသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် လက်ရှိအခြေအနေအရ အလိုအပ်ဆုံးသောအရာသည် ပြည်တွင်းငြိမ်းချမ်းရေး အပြည့်အဝရရှိရေး ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် လက်နက်ကိုင်ပဋိပက္ခများ မရှိမှသာလျှင် စစ်မှန်သော ငြိမ်းချမ်းရေးကို ရရှိမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးရရှိမှသာ တရားဥပဒေစိုးမိုးရေးကို အပြည့်အဝ ဖော်ဆောင်နိုင်ကြမည်ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးမှုရှိမှလည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဟူသည့် ကဏ္ဍအသီးသီးမှာ ကောင်းမွန်ချောမွေ့စွာ စီမံဆောင်ရွက်နိုင်ကြမည် ဖြစ်ပါကြောင်း။

 

ထိုသို့သော အကြောင်းအချက်များကြောင့်လည်း နှစ်ပေါင်း(၇၀)ကျော် ကြာမြင့်နေပြီဖြစ်သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရရှိရန်အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လမ်းကြောင်းအတိုင်း နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းနှင့် ဖြေရှင်းနိုင်ရန် တွေ့ဆုံဆွေးနွေးရေးမူကို အခြေခံပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁)ရာစုပင်လုံ အစည်းအဝေးများကို ကျင်းပလျက်ရှိပါကြောင်း၊ ယခုအခါ ရလဒ်ကောင်းအဖြစ် အခြေခံမူ (၅၁) ချက်ကို ပြည်ထောင်စု သဘောတူစာချုပ်၏ အစိတ်အပိုင်း(၂)ခုအဖြစ် လက်မှတ်ရေးထိုးထားနိုင်ပြီ ဖြစ်ပါကြောင်း။

 

ဆက်လက်ပြီး အားလုံးပါဝင်ရေးဟူသော သဘောတရားအရ NCA လက်မှတ်ရေး ထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်များ သာမက NCA လက်မှတ်ရေးထိုးရခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့်ပါ အလွတ်သဘော တွေ့ဆုံဆွေးနွေးခြင်းများ အပါအဝင် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများကို အရှိန်အဟုန်မပျက်  ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း။

 

အမှန်စင်စစ် မိမိတို့ ပြည်ထောင်စုကြီး အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲ၍ ရေရှည်တည်တံ့ ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုများရှိသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာပြီး ဒေသတွင်းနိုင်ငံများနှင့် တန်းတူနိုင်ရေး၊ နိုင်ငံတကာမျက်နှာစာတွင်လည်း မိမိတို့နိုင်ငံ၏ ပုံရိပ်နှင့် အဆင့်အတန်း ကောင်းမွန် မြင့်မာလာရေးသည် မိမိတို့ ပြည်ထောင်စုဖွား တိုင်းရင်းသားများ၏ စုစည်းညီညွတ်သောအား၊ စုပေါင်းအင်အားဖြင့်သာ ကြိုးပမ်းဆောင်ရွက်မှ ရရှိနိုင်မည်ကို အလေးအနက် ပြောကြားလိုပါကြောင်း။

 

နာဂတိုင်းရင်းသားများ မှီတင်းနေထိုင်သော နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသည် ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်၊ တော၊ တောင်၊ ရေမြေ၊ သစ်တော၊ စိမ့်စမ်းများနှင့် အလွန်လှပသည့် ဒေသတစ်ခုဖြစ်ပါကြောင်း၊  အဆိုပါ သဘာဝအလှ အပများနှင့် နာဂတိုင်းရင်း သားလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများသည် ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းကောင်းအဖြစ် ရှိနေပါကြောင်း၊ ခရီးသွားလုပ်ငန်းများကို အခြေပြုပြီး ဒေသတွင်နေထိုင်ကြသည့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာအောင် ဝိုင်းဝန်းကြိုးပမ်း ကြရမည်ဖြစ်ပါကြောင်း။

 

ထို့ကြောင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကြီး ခေတ်မီဖြိုးတိုးတက်ရေးအတွက် မိမိတို့ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်နေမှာ ဖြစ်သလို နာဂတိုင်းရင်းသားများနှင့်တကွ ဒီဒေသတွင် လာရောက်တာဝန် ထမ်းရွက်နေကြသည့် ဝန်ထမ်းများအနေဖြင့်လည်း ဆက်လက်ပါဝင်ကြိုးပမ်းပေးကြပါဟု တိုက်တွန်းပါကြောင်း။

 

နိဂုံးချုပ်အနေဖြင့် နာဂတိုင်းရင်းသားများသည် နိုင်ငံတော်အစိုးရမှ လျှောက်လှမ်းနေသော ငြိမ်းချမ်းရေးတည်ဆောက်မှု လမ်းကြောင်းပေါ်တွင်အတူ လိုက်ပါနိုင်ကြပါစေ၊ နှစ်ဟောင်းက အတွေ့အကြုံများကို ဖလှယ်ပြီး နှစ်သစ်အတွက် ပိုမိုကောင်းမွန်သော အစီအမံများ ချမှတ်နိုင်ကြပါစေ၊ နှစ်သစ်တွင် ရာသီဥတု ကောင်းမွန်ပြီး စိုက်ပျိုးသီးနှံများ ပိုမိုတိုးတက် ဖြစ်ထွန်းကြပါစေ၊ ဘေးဘယာဝေးကွာ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေဟု ဆုတောင်းမေတ္တာ ပို့သအပ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။

 

ယင်းနောက် နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု(ဗဟို) ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ထွဋ်က နှစ်သစ်ကူးနှုတ်ခွန်းဆက် စကားပြောကြားပြီး ဦးထွန်းနိုင်သူက နာဂရိုးရာနှစ်သစ်ကူး ပွဲတော်ဖြစ်ပေါ်လာပုံသမိုင်းကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေထံ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်းက နှစ်သစ်ကူးလက်ဆောင်ပေးအပ်သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန်ရှိသူများက ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်းနှင့် တာဝန်ရှိသူများအား ဒေသဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ကြသည်။ 

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများထံ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်းနှင့် နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု(ဗဟို)မှ တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်များ ပေးအပ်ကြသည်။

 

ထို့နောက် အခမ်းအနားသဘာပတိ နာဂတိုင်းရင်းသား ဦးအောင်ဝင်းက နိဂုံးချုပ် အမှာစကားပြောကြားပြီး နာဂမျိုးနွယ်စုများက ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် အဖွဲ့ဝင်များသည် ဒေသခံများနှင့် အတူ ရိုးရာပန်အဆောက်အအုံအတွင်းရှိ ရိုးရာပန်တုံးကို တီးခတ်ကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် နာဂရိုးရာနှစ်သစ်ကူးပွဲတော်တွင် ပြသထားသည့် ယက်ကန်းနှင့်လက်မှုပြခန်း၊ တိုင်းရင်းဆေးနှင့်ဗေဒင်ပြခန်း၊ ဘုံပြခန်းနှင့် ဝန်ကြီးဌာနများ၏ ပညာပေးပြခန်းများကို လှည့်လည်ကြည့်ရှုပြီး နာဂရိုးရာအကအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်သည်။

 

ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် နာဂရိုးရာနှစ်သစ်ကူးပွဲတော် မီးပုံပွဲအခမ်းအနားသို့ တက်ရောက်သည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု(ဗဟို)ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ထွဋ်တို့က နာဂရိုးရာနှစ်သစ်ကူးပွဲတော် မီးပုံပွဲအား မီးထွန်းညှိဖွင့်လှစ်ပေးပြီး နာဂမျိုးနွယ်စုအလိုက် အကအဖွဲ့များက ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။


 
(သတင်းစဉ်)