၂၀၂၀ ပြည့်နှစ် အမေရိကန် သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်သူများ နာမည်ထွက်လာ

ဝါရှင်တန် ၂၃ ဇန်နဝါရီ

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှ ဒီမိုကရက်အထက်လွှတ်တော်အမတ် ကာမလာဟားရစ်သည် လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပမည့် အမေရိကန်သမ္မ တရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယမန်နေ့က ကျရောက် ခဲ့သည့် မာတင်လူသာကင်းနေ့တွင် ပြောကြားလိုက်သည်။

ကာမလာဟားရစ်သည် အထက်လွှတ်တော်အမတ်တစ်ဦးအဖြစ် ပထမဆုံးအကြိမ် တာဝန်ထမ်းဆောင်နေသည့် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရသည်။ ဟားရစ်၏ ဖခင်သည် ဂျမေကာနိုင်ငံမှ ဖြစ်ပြီး မိခင်သည် အိန္ဒိယနိုင်ငံမှဖြစ်ကာ အမေရိကန်ကို ပြောင်းရွှေ့အခြေချလာ သူများဖြစ်သည်။

ဟားရစ်သည် တရားမျှတမှု၊ လူမှုကျင့်ဝတ်ကောင်းမွန်ရေးနှင့် တန်းတူညီမျှရေးတို့အတွက် တိုက်ပွဲဝင်နေသူတစ်ဦးအဖြစ် မိမိကိုယ်ကိုကြေညာထားသူ ဖြစ်သည်။

အမေရိကန် ပြည်ထောင်စု၏ အနာဂတ်သည် အမေရိကန်နိုင်ငံ၏ စံတန်ဖိုးရရှိရေး တိုက်ပွဲဝင်ဖို့ ကြွေးကြော်နေသည့် သန်းနှင့်ချီသော ပြည်သူများအပေါ်တွင် မူတည်နေကြောင်း လာမည့် ၂၀၂၀ပြည့်နှစ်တွင် သမ္မတဝင်အရွေးခံဖို့ ဆုံးဖြတ်ခဲ့သည့် ဒီမိုကရက်ပါတီ အထက်လွှတ်တော်အမတ် ကာမလာဟားရစ်က ပြောသည်။

ဟားရစ်သည် ကယ်လီဖိုးနီးယား ပြည်နယ်၏ ရှေ့နေချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းသည် အထက်လွှတ်တော်အမတ် သက်တမ်း ခြောက်နှစ်တွင် ဒုတိယမြောက်နှစ် အတွက် တာဝန်ထမ်းဆောင်နေသူ တစ်ဦးဖြစ်ပြီး လက်ရှိ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့အား မေးခွန်း တွေ မကြာခဏထုတ်နေသူတစ်ဦးလည်း ဖြစ်သည်။

ဟားရစ်သည် အသက် ၅၄ နှစ် ရှိပြီဖြစ်သည်။ အကယ်၍ လာမည့် သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပါက သူသည် အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်လာမှာ ဖြစ်သလို ပထမဆုံးအာရှနွယ်ဝင် သမ္မတလည်း ဖြစ်လာမည်ဖြစ်သည်။

ဝင်ရောက် အရွေးခံမည်

ထို့အပြင် ဒီမိုကရက်ပါတီမှ အထက်လွှတ်တော်အမတ်များဖြစ်သည့် မက်ဆာချူးဆက်ပြည်နယ်မှ အဲလိ ဇဘတ်ဝါရန်နှင့် နယူးယောက်ပြည်နယ် မှ ကာစတန်ဂီလီဘရန့်ဒ်တို့သည်လည်း လာမည့်နှစ်ရွေးကောက်ပွဲတွင် သမ္မတ အဖြစ် ဝင်ရောက်အရွေးခံမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ ၂၀၁၆ သမ္မတရွေးကောက် ပွဲတွင် ဒီမိုကရက်ပါတီ၏ သမ္မတ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အရေးနိမ့်ခဲ့သည့် ဗားမောင့် ပြည်နယ် အထက်လွှတ်တော် အမတ် ဘာနီဆန်ဒါးစ်ကလည်း နောက်တစ်ကြိမ် ဝင်ပြိုင်ရေး စဉ်းစားနေကြောင်း သိရသည်။

သမ္မတ အိုဘားမားလက်ထက် ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဂျိုးဘိုင်ဒင်သည်လည်း လာမည့်နှစ် သမ္မတရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် စဉ်းစားနေကြောင်း သိရသည်။

အေအက်ဖ်ပီ