၂၀၃၀ ပြည့်နှစ် နောက်ဆုံးထား၍ နိုင်ငံဧရိယာ ၃၀ ရာခိုင်နှုန်းကို ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းပြောကြား

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (ပထမအကြိမ်) လေးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၈ နာရီက နေပြည်တော် ရုံးအမှတ်(၁၉) ရှိ သီရိရတနာခန်းမ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ 

 

မြန်မာ့သစ်တောမူဝါဒ(၁၉၉၅)ပါ ရည်မှန်းချက်အရ ရာသီဥတုပြောင်းလဲမှုလျှော့ချ ရေးဆိုင်ရာ နိုင်ငံအလိုက် ဆောင်ရွက်ရမည့် ကတိကဝတ်ကို လက်မှတ်ရေးထိုးပြီး ဖြစ်သောကြောင့် ၂၀၃၀ ပြည့်နှစ် နောက်ဆုံးထား၍ နိုင်ငံဧရိယာစုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကို ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများအဖြစ် ဖွဲ့စည်းနိုင်ရေး ဝန်ကြီးဌာန အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိခြင်းကြောင့် တက်ရောက်လာသည့် တိုင်းဒေသကြီး/ ပြည်နယ်များမှ အစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးများက  ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။ 

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သတ္ထုတွင်းနည်းဥပဒေသစ်အရ ယခင်ခွင့်ပြုထားသည့် အသေးစား လုပ်ကွက်များမှာ အလတ်စားလုပ်ကွက်များအဖြစ်သို့ ကူးပြောင်းကာလအဖြစ် (၃၁-၅-၂၀၁၉) အထိ ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းနှင့်အညီ အသေးစားလုပ်ကွက်များအား အလတ်စားလုပ်ကွက်များအဖြစ် ကူးပြောင်းဆောင်ရွက်ပြီးပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့များသို့ ညှိနှိုင်းအကြောင်းကြားပေးမည်ဖြစ်ကြောင်း၊ ရတနာနယ်မြေများတွင် ကျောက်မျက်ရတနာ လက်လုပ်လက်စား လုပ်ကိုင်ခွင့်ပြုရန်အတွက် အမိန့်ကြော်ငြာစာများ ထုတ်ပြန်ခြင်း၊ ဧရိယာသတ်မှတ်ခြင်းကို ဆောင်ရွက်ပြီးဖြစ်၍ ရှမ်းပြည်နယ်မှအပ ကျန်တိုင်းဒေသကြီး/ပြည်နယ်များသို့ လက်လုပ်လက်စားလုပ်ကိုင် ခွင့်ပြုရန် အကြောင်း ကြားပြီးဖြစ်ကြောင်း၊  ကျောက်မျက်ရတနာအချောထည်ဈေးကွက်ဖွံ့ဖြိုး လာစေရန် မြို့ကြီး(၅)မြို့တွင် Gems Trading Centre (GTC) များဖွင့်လှစ်ပြီး ပြည်ပတင်ပို့ ရောင်းချခွင့်ရရှိရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် ပြဋ္ဌာန်းနိုင်မည့် ကျောက်မျက်ရတနာမူဝါဒကို ပြုစုရေးဆွဲလျက်ရှိရာ မကြာမီပြဋ္ဌာန်း နိုင်တော့မှာဖြစ်ကြောင်း။ 

 

သဘာဝထိန်းသိမ်းရေးနယ်မြေများကို အဓိကအားဖြင့် ကိုယ်စားပြုနိုင်မှုနည်းပါး လျက်ရှိသည့် ကမ်းရိုးတန်း၊ ကျွန်းနှင့်အဏ္ဏဝါရေပြင်များမှာပါ တိုးချဲ့ဖွဲ့စည်းနိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်ပေးရန် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များကို တိုက်တွန်းလိုပါကြောင်း၊ တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ပြီး တရားမဝင် ကူးသန်း ရောင်းဝယ်ခြင်းနှင့် ပတ်သက်၍ တွန်းအားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံအဆင့် တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ တရားမဝင် ရောင်းဝယ်မှုများအား ဥပဒေအရထိရောက်စွာ အရေးယူတားဆီးရေး လုပ်ငန်းအဖွဲ့ကို တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်အထိ တိုးချဲ့ဖွဲ့စည်းရန် ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ ပူးပေါင်းဆောင် ရွက်ပေးကြစေလိုပါကြောင်း။ 

 

သစ်ထုတ်လုပ်ခြင်းကို ၂၀၁၉-၂၀၂၀ ခုနှစ်မှစ၍ ကျွန်း၊ သစ်မာ ထုတ်လုပ်ခြင်းကို လျော့ချရေး ဆောင်ရွက်ထားရှိပါကြောင်း၊ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေနေရာများ၌ ခိုင်မာသည့် စိုက်ခင်း မြေနေရာရရှိရေးနှင့် စိုက်ခင်းတည်ထောင်ခြင်းများအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များမှ ပံ့ပိုးညှိနှိုင်းဆောင်ရွက်ပေးကြ စေလိုကြောင်း၊ မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကိုလည်း လိုက်နာဆောင်ရွက်ရန် လိုအပ်သဖြင့် ပြည်ထောင်စု နယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ ပူးပေါင်းပါဝင်ကြီးကြပ် ဆောင်ရွက်ပေးစေလိုပါကြောင်း။

 

ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) ပြုလုပ်ရန်နှင့် ဓာတ်သတ္ထု လက်လုပ် လက်စားထုတ်လုပ်ခြင်း လုပ်ငန်းများတွင် လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်း စည်းကမ်းများ လိုက်နာစေရေး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ မှ လုပ်ငန်းရှင်များဖြင့် ပူးပေါင်းဆောင်ရွက်ရာတွင်  ကြီးကြပ်ဆောင်ရွက် ပေးစေလိုပါကြောင်း၊ တရားဝင်တူးဖော်ထုတ်လုပ်ခွင့်ရ လုပ်ကွက်များတွင် ကျူးကျော် ဝင်ရောက်၍ ဥယျာဉ်ခြံမြေစိုက်ပျိုးခြင်း၊ နေအိမ်များ တည်ဆောက်ခြင်း၊ လုပ်ကွက်ဧရိယာအတွင်း လမ်းများပိတ်ဆို့ကာရံခြင်းများ ဖြေရှင်းဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များအောက်ရှိ ဌာနများသို့ တွန်းအားပေး၍ ထိထိရောက်ရောက် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ကျောက်မျက်ရတနာ လုပ်ကွက်များအတွင်းသို့ ရေမဆေးများ ကျူးကျော်ဝင်ရောက်မှုမရှိစေရေး ကြပ်မတ်ပေးစေလိုပါကြောင်း၊ စွန့်ပစ်မြေစာများမှ ကျောက်မျက်ရတနာရှာဖွေခြင်းကို ဥပဒေသစ်နှင့်အညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။ 

 

ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးများက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

 

(သတင်းစဉ်)