အာဖဂန်မြောက်ပိုင်း လေကြောင်းတိုက်ခတ်မှု ဖြစ်ပွား စစ်သွေးကြွ ၇ ဦး သေဆုံး

၁၆ ဇန်နဝါရီ

အစိုးရ တပ်က တာလီဘန်တို့ ပုန်းအောင်းရာ အာဖဂန်နိုင်ငံ မြောက်ပိုင်း ဖာရတ်ဒေသ  ဂါဇီဝမ် ခရိုင် ကို လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် ယင်းဒေသခံတပ်မှူးတစ်ဦး အပါအဝင်စစ်သွေးကြွ ၇ ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြား ဒဏ်ရာရသူ  ၅ ဦး ရှိကြောင်း စစ်တပ်က ယနေ့ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန် ကြေညာချက်အရ  ယမန်နေ့မွန်းလွဲပိုင်းက ဂါဇီဝမ် ခရိုင် အာဒမ်ကွာလာ ဒေသရှိ တာလီဘန် တို့ကို လေကြောင်း တိုက်ခိုက်မှုများ စတင်ဆောင်ရွက်ခဲ့ရာ တပ်မှူး အဘူတယ်ဟာ အပါအဝင်  စစ်သွေးကြွ ၇ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုလေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး တာလီဘန် စစ်သွေးကြွများဘက်မှ မည်သည့်ပြောဆိုချက်မျှ မရှိကြောင်း ဖော်ပြထားသည်။

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို