အစိုးရယန္တရား ခဏတာပြန်လည်ပတ်ရန် အထက်လွှတ်တော်အမတ်တစ်ဦးက ထရမ့်အားတောင်းဆို

ဝါရှင်တန်   ၁၅  ဇန်နဝါရီ

 

ယာယီရပ်ဆိုင်းထားသော အမေရိကန်ပြည်ထောင်စု အစိုးရလုပ်ငန်းများကို ခဏတာပြန်ဖွင့်ပြီး ဒီမိုကရက်များနှင့် နယ်စပ်တံတိုင်းကာရံရေး ကိစ္စဆက်လက် ဆွေးနွေးရန် အမေရိကန်အထက်လွှတ်တော်ရှိ သမ္မတထရမ့်၏ မဟာမိတ်တစ်ဦးက သမ္မတအား တိုက်တွန်းလိုက်ကြောင်း သိရသည်။

 

သီတင်းသုံးပတ်ခန့် ရပ်ဆိုင်းနေသည့် အစိုးရယန္တရား ပြန်လည်လည်ပတ်ဖို့ တောင်ကာရိုလိုင်းနား အထက်လွှတ်တော်အမတ် လင်ဆေးဂရာဟမ်က သမ္မတကို တိုက်တွန်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

 

လင်ဆေးဂရာဟမ်က သမ္မတအား ဒီမိုကရက်များနှင့် သဘောတူညီချက် တစ်ခုခုရနိုင်ရေး ကြိုးစားကြည့်သင့်ကြောင်း၊ သီတင်းသုံးပတ်အတွင်းမှာ မရနိုင်ခဲ့သည့်အတွက် မဖြစ်နိုင်တာ သေချာသွားပြီဖြစ်ကြောင်း ဖောက်စ်ရုပ်သံဌာနနှင့် မေးမြန်းခန်းတွင် ပြောခဲ့သည်။

 

သမ္မတဒေါ်နယ်ထရမ့်က မက္ကဆီကို နယ်စပ်ဒေသလုံခြုံရေး ဆိုးဆိုးရွားရွား ကျိုးပေါက်နေကြောင်း၊ ၎င်း၏ လူမှုကွန်ရက် စာမျက်နှာဖြစ်သည့် တွစ်တာပေါ်တွင် မကြာသေးမီက ပြောဆိုလိုက်သည်။ ယခုကဲ့သို့ နယ်စပ်မလုံခြုံမှုကြောင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်နေခြင်းသည် အစိုးရယန္တရား ရပ်ဆိုင်းထား၍ ဆုံးရှုံးမှုများဖြစ်ပေါ်နေခြင်းထက် အဆပေါင်းများစွာ ပို၍ဆိုးကြောင်း ထရမ့်က ပြောလိုက်သည်။

 

ထို့ကြောင့် တောင်ပိုင်းတွင် နယ်စပ်တံတိုင်း ကာရံလိုက်မည်ဆိုပါက တစ်တိုင်းပြည်လုံးအတွက် ရာဇဝတ်မှုများ ကျဆင်းသွားမည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံတွင် လူအများဆုံး ခိုးဝင်လေ့ရှိသော ၃၂၀ဝ ကီလိုမီတာ အရှည်ရှိသည့် မက္ကဆီကိုနယ်စပ်တွင် တံတိုင်းတည်ဆောက်ရန် ဘတ်ဂျက်ငါး ဘီလီယံကျော် တောင်းခံရာမှ သမ္မတ ထရမ့်နှင့် လွှတ်တော်ကြား အငြင်းပွားမှုဖြစ်ပွားပြီး အမေရိကန်အစိုးရယန္တရား လေးပုံတစ်ပုံခန့် ရပ်နားထားရသော ကြောင့် အစိုးရဝန်ထမ်း ရှစ်သိန်းခန့် လုပ်ခလစာ မရရှိကြောင်း သိရသည်။

 

ဇန်နဝါရီ ၁၄ ရက်အထိ အစိုးရလုပ်ငန်းများ ပြန်လည်ပတ်ရန် သမ္မတနှင့် အောက်လွှတ်တော် ခေါင်းဆောင်များကြား တွေ့ဆုံမည်ဆိုသည့် အရိပ်အယောင်ပင် မတွေ့ရသေးကြောင်း သိရသည်။ 

 

အေအက်ဖ်ပီ