အခြေခံပညာအလယ်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်

သရက်ချောင်း ၁၂ ဇန်နဝါရီ 

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ပြင်းဖြူကြီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)မှ အလယ်တန်းကျောင်းအဖြစ်သို့ အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလုကာ၊ အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

 

ထို့နောက် ကျောင်းသား/ကျောင်းသူများက `ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့` သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလုကာ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝေဝေလွင်နှင့် တာဝန်ရှိသူတို့က အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ အရေးကြီးဆုံး ရင်းနှီးမြှုပ်နှံမှုဟာ ပညာရေးဖြစ်ကြောင်း၊ ပညာရေးစနစ်ကောင်းမွန်မှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်နိုင်မည် ဖြစ်ကြောင်း၊ ယခုအစိုးရလက်ထက်၌ ပညာရေး၊ ကျန်းမာရေး၊ ဘတ်ဂျက်များကို ပိုမိုသုံးစွဲခွင့်ရကြောင်း၊ နိုင်ငံတစ်ဝှမ်းမှာရှိသည့် အခြေခံပညာကျောင်းများကို ကျောင်းအဆင့်တိုးမြှင့်ပေးနိုင်ခဲ့ကြောင်း၊ လူသားအရင်းမြစ် ဖွံ့ဖြိုးတိုးရေးသည် နိုင်ငံတော်အတွက်ရော တနင်္သာရီတိ်ုင်းဒေသကြီးအတွက်ပါ လိုအပ်ချက်ဖြစ်ပြီး အခြေခံပညာကဏ္ဍသည် အမျိုးသားပညာရည်မြင့်မားရေးအတွက် အလွန်အရေးပါကြောင်း၊ ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေးနှင့် စာသင်ဆောင်များပြည့်စုံလုံလောက်အောင် ဆောင်ရွက်ပေးခြင်းသာမက ကျောင်းသား/ကျောင်းသူများ အခက်အခဲမရှိ ပညာသင်ကြားနိုင်ရေးအတွက် အခမဲ့ပညာရေးအစီအစဉ်များကိုပါ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာရေးကို ပံ့ပိုးကူညီပေးသော အဖွဲ့အစည်းများ၊ အလှူရှင်များ၊ အကျိုးတော်ဆောင်များ၊ ရပ်မိ/ရပ်ဖများကလည်း အခြေခံပညာကဏ္ဍကို ထိပ်ဆုံးကရပ်တည်လာနိုင်အောင် စိတ်စေတနာထက်သန်စွာ ဝိုင်းဝန်းကြိုးပမ်း ကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

 

ယင်းနောက် ပြင်းဖြူကြီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဝင်းက ကျောင်းအဆင့်တိုးမြှင့်ရခြင်းရည်ရွယ်ချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ကျောင်းအဆင့် တိုးမြှင့် ဖွင့်လှစ်ရာတွင် ကူညီဆောင်ရွက်ပေးခဲ့သော အလှူရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ကျောင်းသား/ကျောင်းသူများက ထားဝယ်ရိုးရာ ရေအိုးရွက်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ပေးခဲ့ကြသည်။

 

ယခုအဆင့်တိုးမြှင့်ဖွင့်လှစ်ပေးသည့် ကျောင်းအား ၁၉၆၁ ခုနှစ်တွင် မူလတန်းကျောင်း၊ ၂၀ဝ၂ ခုနှစ်တွင် မူလတန်းလွန်ကျောင်း၊ ၂၀၁၇ ခုနှစ်တွင် အလယ်တန်းကျောင်း(ခွဲ)၊၂၀၁၈ ခုနှစ်တွင် အလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ခွင့်ရရှိခဲ့ပြီး ယခုပညာသင်နှစ်တွင် ဆရာမ ၁၅ ဦးက ကျောင်းသား/ကျောင်းသူ ၄၆၅ ဦးကို ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

မျိုးချစ်ဦး(ပြန်/ဆက်)

 

received_29399