အခြေခံပညာဦးစီးဌာနနှင့် အခြားဦးစီးဌာနများ၏ ပညာရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၁၂ ဇန်နဝါရီ

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနနှင့် အခြားဦးစီးဌာနများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာသင်ယူခွင့်ရရှိရေးအတွက် မည်သည့်ခွဲခြားမှုမျှမရှိရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ မချန်ထားရေး၊ ကျောင်းထွက်နှုန်း ပပျောက်ရေးတို့ကို အခြေခံ၍ ကျေးလက်နှင့် ဝေးလံဒေသများ၊ အခက်အခဲရှိသော ဒေသများကို ဦးစားပေးပြီး မူလတန်းကျောင်းသားများ မူလတန်းပညာ သင်ယူပြီးမြောက်ရေးနှင့် တစ်သက်တာ သင်ယူရရှိရေးအတွက် ပြုပြင်ပြောင်းလဲ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံပညာကဏ္ဍသည် ဝန်ကြီးဌာနအတွက် အခြေခံအကျဆုံးဖြစ်ပြီး အရေးကြီးသည့်အတွက် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းအရ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဝန်ကြီးဌာနခွင့်ပြုရန်ပုံငွေ၏ ၈၀ ရာခိုင်နှုန်းကို အခြေခံပညာ ကဏ္ဍတွင် ရင်းနှီးမြုပ်နှံကာ အရည်အသွေးရှိသော ပညာရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

ဝန်ကြီးဌာန၏ အခြေခံပညာမူလတန်းအဆင့်ကျောင်း ၂၆၉၁၈ ကျောင်း၊ အလယ်တန်း အဆင့်ကျောင်း ၁၅၄၉၇ ကျောင်း၊ အထက်တန်းအဆင့်ကျောင်း ၄၅၉၀ ကျောင်းဖြင့် အခြေခံ ပညာကျောင်း ၄၇၀ဝ၅ ကျောင်း၌ မူလတန်းကျောင်းသားဦးရေ ၅၀ဝ၄၂၀၃ ဦး၊ အလယ်တန်း ကျောင်းသားဦးရေ ၃၀၆၀၇၈၆ ဦးနှင့် အထက်တန်းကျောင်းသားဦးရေ ၁၁၀၃၁၀၆ ဦး စုစုပေါင်း ကျောင်းသားဦးရေ ၉၁၆၈၀၉၅ ဦး ပညာသင်ယူလျက်ရှိပါကြောင်း။

ထို့ကြောင့် ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ အကျိုးရှိထိရောက် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကျောင်းသား၊ ကျောင်းသူများ ပြုစုပျိုးထောင် ပေးနိုင်ရေးအတွက် ဆရာဆရာမများ၏ဘာသာရပ် တတ်ကျွမ်းမှုနှင့် သင်ကြားသင်ယူနည်းလမ်း တတ်ကျွမ်းရေး၊ ဆရာဦးရေတွင် ကျားမ အချိုးမျှတရေး၊ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု စွမ်းရည်မြင့်မားရေးနှင့် အိုင်စီတီ တတ်ကျွမ်းမှု စွမ်းရည်မြင့်မားရေးတို့ကို အားပေးမြင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးမိသားစုများအနေဖြင့် အခက်အခဲများကို ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှား၍ အရည်အသွေးရှိသော ပညာရေးစနစ် ဖော်ဆောင်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျောင်းအုပ်နှင့် ဆရာများ၊ မိဘအုပ်ထိန်းသူ၊ ပြည်သူများ ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(တာဝန်) ဦးကိုလေးဝင်းက ဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများကို ဆွေးနွေးတင်ပြပြီး တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများက မိမိတို့ ဒေသအလိုက် ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနအလိုက် ဆောင်ရွက်နေသော လုပ်ငန်းများ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက  တင်ပြချက်များအပေါ် ဆွေးနွေးညှိနှိုင်းပေးကြသည်။

(သတင်းစဉ်)