အကယ်ဒမီလူမင်း ဒါရိုက်တာအဖြစ် ရိုက်ကူးမည့် " ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ အကြောင်း

၁၈ ဇန်နဝါရီ

ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိကို  ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးရန်  ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ကို ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် စတင်ရိုက်ကူးမည်ဟု တရားဝင်အသိပေးကြော်ငြာထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယင်းအစီအစဉ်ကို ခဏတာရွေးဆိုင်းခဲ့ရကြောင်း သိရသည်။ ယခင်က ဒါရိုက်တာအဖြစ် မင်းထင်ကိုကိုကြီးက ရိုက်ကူးမည်ဟုသိရပြီး၊ ယခု ဒါရိုက်တာအဖြစ် မင်းသား လူမင်းက ပြန်လည်၍ ရိုက်ကူးမှုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု သိရသည်။

အဆိုပါ ဇာတ်ကားနှင့် ပတ်သက်ပြီး   နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်နှင့်အညီ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ဦးဆောင်ပြီး မြန်မာ့လွတ်လပ်ရေး ဗိသုကာဗိုလ်ချုပ်အောင်ဆန်း၏ ဘဝအကြောင်းကို ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ရေးလုပ်ငန်း ကော်မတီဖွဲ့စည်း၍ အောင်ဆန်းရုပ်ရှင်ဇာတ်ကားကို နိုင်ငံတကာ အဆင့်မီ ရိုက်ကူးထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရတာကြောင့် အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရာတွင် ဒါရိုက်တာအဖြစ် တာဝန်ယူမည့် အကယ်ဒမီလူမင်းကို ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးရန် ကြန့်ကြာနေသည့်အကြောင်းနှင့် ပတ်သက်ပြီး ယခုလို ရှင်းလင်းပြောကြားခဲ့သည်။

"ကျွန်တော်တို့ အောင်ဆန်းရုပ်ရှင် ရိုက်ကူးခြင်းဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က မှတ်ချက်ပေးဖူးတယ်လို့ ကျွန်တော်တို့တစ်ဆင့် သိရပါတယ်။ အင်မတန်သိမ်မွေ့နက်နဲတဲ့ အလုပ်တစ်ခုလို့ ဆိုပါတယ်။ တကယ်လည်း သိမ်မွေ့မယောင်နဲ့အင်မတန် နက်နဲပြီးတော့ ခက်လည်းခက်ခဲတဲ့ အလုပ်တစ်ခုပါ။ ဒါကြောင့်မို့လို့လည်း ဒီရုပ်ရှင်ရိုက်ကူးဖို့ အကြောင်းအရာမှာ ကျွန်တော်တို့အရင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးရေးဆိုပြီးတော့ ဖွဲ့စည်းဆောင်ရွက်ခဲ့တာ ၄ နှစ်၊ ၅ နှစ်လောက် အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ အခုလက်ရှိမှာတော့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ ညွှန်ကြားချက်နဲ့အညီပဲ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီးကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးရေး လုပ်ငန်းကော်မတီကြီးကို နိုင်ငံတော်သမ္မတရုံးကနေ ဖွဲ့စည်းမိန့်နဲ့ ဖွဲ့စည်းပြီး ကျွန်တော်တို့ ဆောင်ရွက်နေပါပြီ" လို့ သူကပြောခဲ့ပါတယ်။

"ကျွန်တော်တို့ ခက်ခဲနက်နဲသိမ်မွေ့တယ်ဆိုတဲ့အတိုင်း ဒီရုပ်ရှင်ကြီးကိုစပြီးတော့ ရိုက်ကူးမယ်ဆိုကတည်းက အားပေးအားမြှောက် ဝမ်းသာကြိုဆိုကြတဲ့ သူတွေရှိသလို မကြိုဆိုကြတဲ့သူတွေလည်း ရှိကောင်းရှိနေနိုင်ပါတယ်။ ကျွန်တော်တို့ အဖွဲ့အနေနဲ့လည်း ဝေဖန်မှု၊ တိုက်ခိုက်မှုတွေမျိုးစုံကို ကျော်ဖြတ်ခဲ့ပြီး ဒီနေ့ ဒီအချိန်အထိ ရောက်ရှိလာခဲ့ပါပြီ။ ဒီနေ့ ဒီအခြေအနေမှာတော့ ကျွန်တော်တို့ဟာ အောင်ဆန်းရုပ်ရှင်ကြီးကို ရိုက်ကူးနိုင်ဖို့အတွက် အကောင်းဆုံးပံ့ပိုးမှု အနေအထားတွေအားလုံးကို ရရှိထားပါပြီ။ အဲဒါကြောင့်မို့လို့ ဒါရိုက်တာအဖြစ် ဆောင်ရွက်မယ့် ကျွန်တော့်အနေနဲ့လည်း ဒီရုပ်ရှင်ကြီးကို အောင်အောင်မြင်မြင်နဲ့ အကောင်းဆုံးဖြစ်အောင်၊ ကျွန်တော်တို့ မြန်မာနိုင်ငံက အနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေ၊ ဝန်ကြီးဌာနတွေ အားလုံးပူးပေါင်းပြီးတော့ နိုင်ငံတကာအဆင့်မီ အကောင်းဆုံး အောင်ဆန်းရုပ်ရှင်ကြီးဖြစ်အောင် ကျွန်တော်တို့ ရိုက်ကူးထုတ်လုပ်ပြီးတော့ ပြည်သူရှေ့ကို ချပြနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ လုံးဝအပြည့်အဝ ယုံကြည်ပါတယ်"ဟု ဆိုသည်။

ထိုအပြင် ဒါရိုက်တာလူမင်း အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအတွက် ရည်စူးပြီး တေဇသိဒ္ဓိ အဘယသုခစေတီတော် တည်ထားမည်ဖြစ်ကြောင်း၊  လူမင်းအနေနှင့်လည်း အောင်ဆန်းရုပ်ရှင်ရိုက်ကူးမှုသည် ခက်ခဲသည့် အလုပ်တစ်ခုဖြစ်မှန်း သိသော်လည်း နိုင်ငံသားတစ်ဦးအနေဖြင့် သမိုင်းပေးတာဝန်အရ အချိန်အခါကျ၍ လှုံ့ဆော်မှုများရှိနေလျက် ထိုတာဝန်ကို ခေါင်းရှောင်မည်ဆိုလျှင်လည်း မိမိကိုယ်ကို သိမ်ငယ်ရာ၊ လိပ်ပြာမလုံရာကျမည်ဖြစ်သည့်အတွက် တာဝန်ယူ ရိုက်ကူးခြင်းဖြစ်ကြောင်း ပြောသည်။

ကိုလင်း