အလောင်းတော်ကဿပ ဘုရားဖူးလာရောက်သူများ တည်းခိုဆောင်များတွင် အခမဲ့တည်းခိုနိုင်

ကနီ ၂၀ ဇန်နဝါရီ 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်းရှိ အလောင်းတော်ကဿပ စံကျောင်းတော်နှင့် ရုပ်ကလာပ်တော်တည်ရှိရာ လိုဏ်ဂူတော်သို့ ညအိပ်လာရောက် ဖူးမြော်ကြသည့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ အဆင်ပြေစွာ တည်းခိုနေထိုင်နိုင်ရေး ဂေါပကအဖွဲ့မှ တည်းခိုဆောင်များတွင် နေရာချထားပေးလျက်ရှိကြောင်း သိရသည်။

 

''တချို့နယ်က ဘုရားဖူးဧည့်သည်တွေက မွန်းလွဲပိုင်းလောက်မှ အလောင်းတော်ကဿပကို တက်လာတယ်၊ ရုပ်ကလာပ်တော်စံကျောင်းနဲ့ လိုဏ်ဂူတော်ကို ညနေပိုင်းမှာဖူးကြပြီး တောင်ပေါ်မှာပဲ ညအိပ်တည်းခိုကြတယ်၊ နောက်တစ်နေ့နံနက်စောစောမှာ လွမ်းစေတီဘက်ကိုသွားကြတယ်၊ အပြန်မှာတစ်ခါတည်း အောက်ကိုပြန်ဆင်း ကြတယ်၊ အဲဒီလိုညအိပ်လာကြတဲ့ဘုရားဖူးဧည့်သည်တွေ အဆင်ပြေစွာနဲ့ တည်းခိုဖူးမြော်နိုင်စေဖို့အတွက် လုပ်ဆောင်ပေးကြတာပါ၊ တည်းခိုခ၊ ရေချိုးခ ပေးစရာမလိုပါဘူး၊ တည်းခိုဆောင်တွေမှာ လာရောက်တည်းခိုကြတဲ့ ဘုရားဖူးဧည့်သည်တွေကို နေရာချထားရေးအဖွဲ့က စနစ်တကျရှိအောင် တည်းခိုဆောင်တွေမှာ နေရာချထား ပေးနေပါတယ်၊  တည်းခိုမယ့်သူတွေကလည်း တည်းခိုဆောင်တွေကို ရောက်ရင် နေရာချထားရေးအဖွဲ့ကို အကြောင်းကြားပြီး တည်းခိုနိုင်ပါတယ်'' ဟု အလောင်းတော်ကဿပ ဂေါပကအဖွဲ့၏ တွဲဘက်အတွင်းရေးမှူး ဦးထီမောင်က ပြောသည်။

 

မြန်မာပြည်အရပ်ရပ်မှ အလောင်းတော်ကဿပသို့ ညအိပ်လာရောက်ဖူးမြော် လည်ပတ်ကြသည့် ဘုရားဖူး ဧည့်သည်များ အဆင်ပြေချောမွေ့စွာ တည်းခိုနေထိုင်ရေးအတွက် တည်းခိုဆောင် ၂၀ ကျော်ဖြင့် အလောင်းတော်ကဿပ ဂေါပကအဖွဲ့၏ ကြိုဆိုနေရာချထား ရေးအဖွဲ့မှ စီစဉ်ပေးလျက်ရှိကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)

 

Slide1(258)