အလှူရှင်လောင်းလှည့်ပွဲများတွင် အလှဆင်များကို အသုံးပြုမှုများပြားလာ

ပေါင် ၂၂ ဇန်နဝါရီ 


မွန်ပြည်နယ် ပေါင်မြို့နယ်၌ အလှူရှင်လောင်းလှည့်ပွဲများတွင် အလှဆင်များကို ငှားရမ်း အသုံးပြုမှုများလာကြကြောင်း တွေ့ရသည်။ ၂၀၁၈ ခုနှစ်မှစတင်၍ အလှဆင်များ၊ မြင်းများ ငှားရမ်းအသုံးပြုလာသူ ပိုမိုများပြားလာခဲ့သည်။  ယခုနှစ်တွင်   အလှူရှင်လောင်းလှည့်ပွဲ မောင်ရှင်လောင်းတင်ရာတွင် အသုံးပြုရန်အတွက် ဆင်များကို စိတ်ကြိုက်ဖန်တီး၍ အငှားလိုက်ရာ ငှားရမ်းသူ များပြားလျက်ရှိကြောင်း သိရသည်။


အလှူမင်္ဂလာပွဲများတွင် ဆင်စီးမြင်းရံသော အလေ့အထကို ပြန်လည်ပုံဖော်ကြတာဖြစ်ပြီး ဘုရား ထီးတင်ပွဲများတွင်လည်း ဒေဝါဝင်း၊ ရာဇာဝင်းများအပြင် ရတနာဆင်တော်ပေါ်တွင် စိန်ဖူးတော် တင်ဆောင်ပြီး မြို့ရွာအတွင်း လှည့်လည်ကျင်းပနေကြသည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို အခြေခံကာ ရိုးရာမပျက် ရှေးမူအတိုင်း ဆင်အက၊ မြင်းအကများဖြင့် ဖျော်ဖြေမှုများ ပြန်လည်ဆန်းသစ်လာခဲ့သည်။ မြင်းအကအလှများကိုလည်း အလှူဝင်နေ့မှာပင် ဆိုင်းဝိုင်းများဖြင့် ကပြဖျော်ဖြေလေ့ရှိလာသည်။ မြင်းဖြူများကို အလှူတစ်ပွဲလျှင်  လေးသောင်းငါးထောင်မှ  ခြောက်သောင်းအထိ ပေး၍ ငှားရမ်းရသလို အလှဆင်များမှာ ငါးသိန်းမှ ခုနှစ်သိန်းအထိ ပေးငှားယူရကြောင်း အလှူရှင်များကဆိုသည်။


ယခင်က အလှူတော်မင်္ဂလာတွင် မြင်းဖြူများသာ ပါဝင်ခဲ့ရာမှ ယခုနောက်ပိုင်းတွင် မိမိ၏သားရတနာများကို တစ်မူထူးခြားစွာဖြင့် အကုန်ကျခံကာ အလှဆင်များကို ငှားရမ်း အသုံးပြုလာခဲ့သည်။ အလှူရှင်တစ်ဦးတည်း ကျင်းပသောပွဲများရှိသလို စုပေါင်း၍ ကျင်းပသော အလှူပွဲများကိုလည်း ဆင်၊ မြင်းများ အကောင်ရေ ဆယ်ဂဏန်းအထိ ပါဝင်သည်။ 


အလှဆင်များကို ခရီးအနီးအဝေးအလိုက် ဈေးနှုန်းကွာခြားသွားသည်။  အလှူပွဲများ ပေါများလာသည့်အတွက် အလှူ့ဒါယကာ၊ အလှူ့ဒါယိကာမများအကြိုက် အလှဆင်များကို  အဆန်းထွင်လာကြသည်။ ယခုအခါ မော်လမြိုင်မြို့နှင့် ပေါင်မြို့အနီး အလှူရှင်လောင်း လှည့်ပွဲများတွင် အလှဆင်များနှင့် အလှမြင်းဖြူများကို အသုံးပြုမှု များပြားလာကြောင်း သိရသည်။


ဇင်မျိုးသူ