အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးမတိုင်မီ သမ္မတထရန့်က ခေါင်းဆောင်ကင်ထံ စာတစ်စောင်ပေးပို့

ဝါရှင်တန် ၁၅  ဇန်နဝါရီ

အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ် ထိပ်သီး အစည်းအဝေးပွဲကျင်းပရန် စီမံမှုများ ပြုလုပ်လျက် ရှိစဉ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ထံ စာတစ်စောင် ယနေ့ပေးပို့ ခဲ့ကြောင်း သတင်းများအရ သိရသည်။

သမ္မတထရန့်က ခေါင်းဆောင် ကင်ဂျုံအန်ထံ စာတစ်စောင်ပေးပို့ခဲ့သည်ဟု ခိုင်မာသည့်သတင်းရပ်ကွက် တစ်ခု၏ ပြောကြားချက်အား ကိုးကားပြီး စီအင်န်အင်န် သတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ဇန်နဝါရီ ၂ ရက်က ခေါင်းဆောင် ကင်ဂျုံအန်ထံမှ စာတစ်စောင်ရရှိခဲ့ကြောင်းနှင့် နှစ်နိုင်ငံ ထိပ်သီးအစည်း အဝေးကို မကြာမီကျင်းပသွားမည်ဖြစ်သည်ဟု သမ္မတထရန့်က ဖွင့်ဟပြောကြားခဲ့သည်။

မြောက်ကိုရီးယား အလုပ်သမားပါတီ ဒုတိယဥက္ကဋ္ဌ ကင်ယောင်ချိုသည် နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေး မကျင်းပမီ ဝါရှင်တန်မြို့သို့ ယခုရက်သတ္တပတ်အတွင်း လာရောက်ကာ အစည်းအဝေးပွဲအတွက် စီစဉ်မှုများ လုပ်ဆောင်နိုင်ဖွယ်ရှိသည်ဟု စီအင်န်အင်န်သတင်းဌာနက သတင်းဖော်ပြသည်။

ကင်ယောင်ချိုသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ လက်ထောက်တစ်ဦးဖြစ်သည့်အပြင် အမေရိကန်နှင့် ကျင်းပခဲ့သည့် အစည်းအဝေးပွဲနှင့် ပတ်သက်သည့် ကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်ရသူ တစ်ဦးဖြစ်သည်။

အင်န်အိတ်ချ်ကေ