အမေရိကန်-မြောက်ကိုရီးယား တာဝန်ရှိသူများ ဆွီဒင်၌ တွေ့ဆုံခဲ့

၂၂ ဇန်နဝါရီ

နောက်လတွင် ကျင်းပမည့် ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးပွဲအတွက် အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်ကြေညာပြီးနောက် အမေရိကန်နှင့်မြောက်ကိုရီးယား တာဝန်ရှိသူများ ဆွီဒင်နိုင်ငံတွင် တွေ့ဆုံခဲ့ပုံပေါ်သည်။

မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် စတီဗင်ဘင်ဂန်နှင့် မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟီတို့သည် မြို့တော် စတော့ဟုမ်းအနီးရှိ အဆောက်အအုံတစ်လုံး၌ သုံးရက်ကြာနေ ထိုင်ခဲ့သည်။

၎င်းတို့နှစ်ဦးမှာ တနင်္လာနေ့က ၎င်းတို့၏တိုင်းပြည်ရှိ သက်ဆိုင်ရာသံရုံးများသို့ ထွက်ခွာခဲ့ကြသည်။

ဖေဖော်ဝါရီလနှောင်းပိုင်းတွင် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေးပွဲတစ်ရပ် ကျင်းပမည့် အစီအစဉ်များ အိမ်ဖြူတော်က ကြေညာပြီးနောက်ပိုင်း နှစ်နိုင်ငံစလုံးမှ ထိပ်တန်းအဆင့် စေ့စပ်ညှိနှိုင်းရေးမှူးများ ထိတွေ့ဆက်ဆံခြင်းမှာ ပထမဦးဆုံးအကြိမ် ဖြစ်ခဲ့သည်။

မည်သည့်တာဝန်ရှိသူကမျှ သတင်းထောက်များ၏ မေးမြန်းချက်များကို တုံ့ပြန်ပြောကြားခြင်းမရှိသော်လည်း ၎င်းတို့မှာ နျူကလီးယားဖျက်သိမ်းရေးကိစ္စရပ်များ ဆွေးနွေးခဲ့သည်ဟု ယုံကြည်ရသည်။

အမေရိကန်-မြောက်ကိုရီးယား စေ့စပ်ညှိနှိုင်းမှုများနှင့်ပတ်သက်၍ ရှင်းလင်းမှုကိုသိရှိရန် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှနှင့် သမုဒ္ဒရာရေးရာဗျူရိုအကြီးအကဲ ကင်ဂျီကာနာဆူဂီသည် နောက်ပိုင်းတွင် စတော့ဟုမ်းရှိ အမေရိကန်သံရုံးသို့ သွားရောက်ခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကာနို၊ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ကန်ကျောင်ဟွာတို့နှင့် သီးခြားစီ တွေ့ဆုံခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်

 

mdn