အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ လိုလားနေတဲ့ ဒုတိယအကြိမ်ထိပ်သီးအစည်းအဝေး

၂၁ ဇန်နဝါရီ

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ဟာ လာမယ့် ဖေဖော်ဝါရီလကုန်လောက်မှာ ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲ ထပ်မံပြုလုပ်သွားဖို့ ရှိနေတယ်လို့ အိမ်ဖြူတော်က ပြောကြားခဲ့ပါတယ်။မြောက်ကိုရီးယားရဲ့ ထိပ်တန်းညှိနှိုင်းဆွေးနွေးသူ ကင်ယောင်ချိုနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ပြီးတဲ့နောက်မှာ ထရမ့်က ခုလိုကြေညာခဲ့တာဖြစ်ပါတယ်။ ခေါင်းဆောင်ကင်က သမ္မတထရမ့်ဆီရေးသားခဲ့တဲ့ စာကို ကင်ယောင်ချိုကနေ တစ်ဆင့်ပေးပို့ခဲ့တာဖြစ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။

 

ဘယ်မှာကျင်းပမလဲ ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက စင်ကာပူမှာ နှစ်နိုင်ငံ သမိုင်းဝင် ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ချိန်နောက်ပိုင်း နျူကလီးယား လက်နက်ဖျက်သိမ်းရေးနဲ့ပတ်သက်လို့ တိုးတက်ဖြစ်ထွန်းမှု သိပ်မတွေ့ရသေးပါဘူး။ ပြီးတော့ အခုတစ်ဖန် အသစ်ထပ်မံကျင်းပမယ့် ထိပ်သီးအစည်း အဝေးပွဲကို ဘယ်မှာကျင်းပမယ်ဆိုတာကလည်း ကြေညာချက်ထွက်မလာသေးပါဘူး။ ဗီယက်နမ် မှာ ကျင်းပနိုင်ခြေရှိတယ်ဆိုတဲ့ ထင်ကြေးပေး သံတွေလည်း အတော်လေး ထွက်ပေါ်နေပါတယ်။

 

စာထဲမှာ ဘာတွေပါသလဲမသိနိုင် ကင်ယောင်ချို ဝါရှင်တန်သို့သွားရောက်ခဲ့မှုဟာ မြောက်ကိုရီးယား နဲ့ နျူကလီးယားဆိုင်ရာ သံခင်းတမန်ခင်း လှုပ်ရှားမှုအဖြစ် ပထမဆုံး တွေ့ မြင်ရတဲ့ အမှတ်လက္ခဏာတစ်ခုလို့ အချို့က ထင်မြင်ယူဆကြပါတယ်။ ကင်ဂျုံအန်းက သမ္မတ ထရမ့်ဆီပေးပို့ခဲ့တဲ့ စာထဲမှာ ဘာတွေပါတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ဒါဟာ နောက်ထပ် ထိပ်သီး အစည်းအဝေးတစ်ခု ထပ်ဖြစ်လာဖို့ ကြိုတင်ပြင်ဆင်မယ့် အခြေခံ အကြောင်းတစ်ခု ဖြစ်နိုင်တယ်လို့လည်း ဆိုကြ ပါတယ်။

 

ဆွေးနွေးပွဲတွေကိုစောင့်နေတဲ့ထရမ့် သမ္မတထရမ့်ကတော့ ၄င်းဟာ ဆွေးနွေးပွဲတွေကို စောင့်မျှော်နေခဲ့တာလို့ ပြောပါတယ်။ ထရမ့်ရဲ့ သတင်း မီဒီယာအကြံပေးပုဂ္ဂိုလ် ဆာရာ ဆန်းဒါးစ်က အိမ်ဖြူတော်မှာလုပ်ခဲ့တဲ့ ဆွေးနွေး ပွဲအပြီးမှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေဟာ ဆက်လက် တိုးတက်လာနေတယ်။ ဒါပေမယ့် အမေရိကန်ကတော့ မြောက်ကိုရီးယားအပေါ်မှာ ဆက်ပြီး ဖိအားတွေပေးဦးမယ့် ပိတ်ဆို့မှုတွေ ဆက်လုပ်ဦးမယ့် သဘောရှိနေတယ်လို့ ပြောခဲ့ပါတယ်။

 

ထိပ်သီးအစည်းအဝေး ပြုလုပ်ပြီးနောက် ဘာတွေဖြစ်လာခဲ့သလဲ။ ပထမတစ်ကြိမ် စင်ကာပူမှာ ကျင်းပခဲ့တဲ့ထိပ်သီးအစည်းအဝေးမှာ သဘောတူညီခဲ့တာ များများစားစားမရှိတဲ့အတွက် အောင်မြင်မှုကို တိုင်းတာပြနိုင်လောက်တဲ့အနေ အထားမရှိခဲ့ဘူးလို့ လေ့လာသူအချို့က သုံးသပ်ကပါတယ်။ ဝါရှင်တန်နဲ့ ပြုံယမ်းအကြား နျူကလီးယားအရေး ညှိနှိုင်းဆွေးနွေးမှုဟာ တစ်ခန်းရပ်သွားခဲ့ပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေနဲ့ပတ်သက်လို့ အသေးစိတ်အချက် အလက်တွေကို သိခဲ့ရခြင်းမရှိသေးသလို မြောက် ကိုရီးယားအပေါ်မှာ အမေရိကန်ရဲ့ပိတ်ဆို့မှုတွေကလည်း အခိုင်အမာရှိနေဆဲဖြစ်ပါတယ်။

 

နိုင်ငံ့ပုံရိပ်ကို မြှင့်တင်နိုင်ဖို့ ကြိုးစားနေ ခေါင်းဆောင်ကင်ကတော့ မြောက်ကိုရီးယား နိုင်ငံရဲ့ပုံရိပ်ကို ကမ္ဘာ့အလယ်မှာ မြှင့်တင်နိုင်ဖို့ ကြိုးစားရင်းနဲ့ အလုပ်တာဝန်တွေ များပြားလျက်ရှိ ပါတယ်။ ကင်အနေနဲ့ အိမ်နီးချင်းဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ဆက်ဆံရေးကိုလည်းတိုးတက်အောင် လုပ်ခဲ့သလို အစောင့်အကြပ်တွေထူထပ်စွာချထားခဲ့တဲ့ စစ်မဲ့ဇုန်တစ်လျှောက်မှာလည်း နှစ်နိုင်ငံလုံးက အစောင့်အကြပ်တွေကို ရုပ်သိမ်းလိုက်ပြီ ဖြစ်တဲ့အပြင် တစ်နိုင်ငံနဲ့တစ်နိုင်ငံ အလည်အပတ် ခရီးစဉ်တွေလည်း အပြန်အလှန် သွားလာနေကြပါတယ်။

 

တရုတ်နိုင်ငံနဲ့ မြောက်ကိုရီးယားရဲ့ ဆက်ဆံရေး အခြေအနေဟာလည်းပဲ တိုးတက်လာနေပြီး ခေါင်းဆောင်ကင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့ ပေကျင်းကို မကြာခဏသွားရောက်ခဲ့ ပါတယ်။

 

စင်ကာပူ ထိပ်သီးအစည်းအဝေးမှာ ဘာတွေ အောင်မြင်ခဲ့သလဲ စင်ကာပူမှာ ကျင်းပခဲ့တဲ့ထိပ်သီး အစည်း အဝေးဟာ မြောက်ကိုရီးယားနဲ့ အမေရိကန်ရဲ့ သမိုင်းဝင်ဖြစ်ရပ်တစ်ခုပါ။ ဒါပေမယ့် သဘောတူညီမှုတွေဟာ စာရွက်ပေါ်မှာပဲ ရှိနေခဲ့တယ်လို့ ပြောဆိုခဲ့ကြပါတယ်။ နှစ်နိုင်ငံ သဘောတူလက်ခံ ခဲ့တဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက် အလုပ်လုပ်ဖို့ဆိုတာဟာ မရေရာတဲ့သဘောတူညီမှု အဖြစ်နဲ့ ဆက်လက်တည်ရှိနေပါတယ်။

 

ဒီသဘော တူညီမှုမှာ နျူကလီးယားလက်နက် ဖျက်သိမ်းရေးဖြစ်စဉ် ခိုင်မာသေချာကြောင်း လက်ဆုပ်လက်ကိုင် ပြနိုင်စေမယ့် အချိန်ကာလ တစ်ခုခု၊ အသေးစိတ် အချက်အလက် သို့မဟုတ် လုပ်ငန်းယန္တရားအစီအစဉ်တစ်ခုခုကို ထည့်သွင်း ဖော်ပြခဲ့ခြင်း မရှိပါဘူး။

 

အကယ်၍ ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးပွဲ ထပ်ပြီးရှိလာဦးမယ်ဆိုရင် ဒီကိစ္စနဲ့ ပတ်သက်ပြီး ပိုမိုခိုင်မာသေချာတဲ့ အရာတစ်ခုခု ထွက်ပေါ်လာဖို့ အများစုက မျှော်လင့်နေကြဦးမှာပါပဲ။ မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ ပထမအကြိမ် ထိပ်သီးအစည်းအဝေးပြုလုပ်ခဲ့ ပြီးချိန်ကစလို့ မြောက်ကိုရီးယားဟာ ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုတွေ ထပ်မလုပ်ခဲ့ပါဘူး။

 

ဒါ့အပြင် နျူကလီးယားစမ်းသပ်တဲ့ နေရာကို ဖျက်သိမ်းခဲ့သလို အဓိကသော့ချက်ဖြစ်တဲ့ ဒုံးကျည် အင်ဂျင်ကိုလည်း ဖျက်ဆီးခဲ့ပြီဖြစ်ပါတယ်။ 

 

သို့သော်လည်း ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကတော့နည်းပညာမြင့် ဒုံးလက်နက်တစ်ခုကို စမ်းသပ်မှု လုပ်ဆောင်ခဲ့ပြီး ဒီစမ်းသပ်မှုဟာ တစ်နှစ်အတွင်းမှာ ပထမဆုံးအကြိမ် တရားဝင်ကြေညာလိုက်တဲ့ လက်နက်စမ်းသပ်မှု တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒါကကြီးကြီးမားမား ခြိမ်းခြောက်မှုတစ်ခုအဖြစ် ကိုတော့ မရောက်ရှိခဲ့ပါဘူး။

 

သဘောတူညီမှုကို ဖောက်ဖျက်ခြင်းမရှိ ပြီးခဲ့တဲ့နှစ် ထိပ်သီးအစည်းအဝေးပြုလုပ်ခဲ့ ပြီးနောက် မြောက်ကိုရီးယားရဲ့ ဒုံးကျည်အခြေ စိုက်စခန်းကွန်ရက်တွေ ပမာဏကိုဖော်ပြခဲ့ပါတယ်။ သို့သော်လည်း မြောက်ကိုရီးယားအနေနဲ့ ၄င်းရဲ့ ဒုံးကျည်အခြေစိုက်စခန်းတွေကို ပိတ်သိမ်းမယ်။ လက်နက်တွေတိုးတက်အောင် လုပ်ဆောင်နေတာတွေကို ရပ်နားမယ်ဆိုပြီး ကတိတစ်ခုခုပေး ထားခဲ့တာမရှိတဲ့အတွက် ဒါက စင်ကာပူထိပ်သီး အစည်းအဝေးမှာပြုလုပ်ခဲ့တဲ့ သဘောတူညီမှုကို ဖောက်ဖျက်တာ မဟုတ်ပါဘူး။

 

နောက်ထပ် ထိပ်သီးအစည်းအဝေးတစ်ခု အမှန်တကယ်ဖြစ်မြောက်လာမလား ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးကျင်း ပဖြစ်မလားဆိုတာကို အခိုင်အမာပြောဆိုနိုင်ခြင်း မရှိသေးပေမယ့် နှစ်ဖက်စလုံးကတော့ အစည်းအဝေးဖြစ်မြောက်လာဖို့ လိုလားတဲ့အခြေအနေကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ထိပ်သီးအစည်းအဝေးတုန်းကတော့ ရိုလာကိုစတာလိုပါပဲ။ 

 

အစည်းအဝေးကို ပယ်ဖျက်တယ်။ သမ္မတထရမ့်ဆီကို ခေါင်းဆောင် ကင်ဆီက ပေးစာတစ်စောင်ရောက်လာတယ်။ အစည်းအဝေးပြန်စတယ်။

 

အလားတူ အဖြစ်မျိုးကတော့ ထပ်ဖြစ်လာမှာ မဟုတ်နိုင်ဘူးလို့ ယူဆရပါတယ်။ ဆက်ပြီး စောင့်ကြည့်ရဦးမှာပါပဲ။ လက်ရှိအခြေအနေ အရတော့ သမ္မတထရမ့်ဆီကို ပေးစာတစ်စောင် စောစီးစွာရောက်ရှိလို့ လာပြန်ပါပြီ။ ။ 

 

ကိုးကား- အေအက်ဖ်ပီ၊ဘီဘီစီ