အမေရိကန်နှင့် ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုကို တရုတ်ကိုင်တွယ်ဆောင်ရွက်မည် 

ပေကျင်း ၁၄ ဇန်နဝါရီ

 

ယခုနှစ်တွင် အမေရိကန်နှင့်ကုန်သွယ်ရေးဆိုင်ရာ ပဋိပက္ခများကို ပြန်လည်ကောင်းမွန်ညီညွတ်လာစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးက ယခုရက်ပိုင်းအတွင်း အမေရိကန်နှင့် စေ့စပ်ညှိနှိုင်းသည့် ဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီးနောက်တွင် ပြောကြားခဲ့သည်။

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် တင်းမာမှုများဖြစ်ပွားနေသည့် ကုန်သွယ်ရေးဆိုင်ရာ အခွန်အခများနှင့် ပတ်သက်၍ သုံးလကြာ ပြေငြိမ်းရန် သဘောတူညီခဲ့ကြသည်။ ဆွေးနွေး ပွဲများသည် ကုန်သွယ်ရေးဆိုင်ရာ အပြန်အလှန် စိုးရိမ်ကြောင့်ကြရမှုများကို ဖြေရှင်းရန် အခြေခံအုတ်မြစ်တစ်ခုကို တည်ထောင်လိုက်သည့် ဆွေးနွေး ပွဲများဖြစ်ကြောင်း တရုတ်က ပြောကြားခဲ့သည်။

 

ကျွန်ုပ်တို့သည် တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပဋိပက္ခများကို ပါးနပ်စွာ ကိုင်တွယ်ဖြေရှင်းသွားကြမည် ဖြစ်သည်ဟု တရုတ်ကုန်သွယ်ရေးဝန်ကြီး ကျုံရှန်က ပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းမီဒီယာက ဖော်ပြခဲ့သည်။

 

တရုတ်နိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်သွားမည်ဖြစ်သည့်အပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေတစ်ရပ်ကို အတည်ပြုနိုင်ရန်နှင့် အငြင်းပွားဖွယ်ဖြစ်နေသည့် ဖြေရှင်းမှုနည်းစနစ်ပုံစံကိုလည်း အဆင့်မြှင့်တင်သွားနိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

အေအက်ဖ်ပီ