အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ၏ ရှေ့နေဟောင်း ဥပဒေပြုလွှတ်တော်တွင် သက်သေထွက်ဆိုမည်

၁၁ ဇန်နဝါရီ

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ရှေ့နေဟောင်း မိုက်ကယ် ကိုဟန်သည် လာမည့်လတွင် ကျင်းပမည့် ဥပဒေပြုလွှတ်တော်တွင် လူသိရှင်ကြား သက်သေထွက်ဆိုမည်ဟု သိရသည်။

မိုက်ကယ်ကိုဟန်သည် ၂၀၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲမဲဆွယ် စည်းရုံးရေးတွင် ပါဝင်ကူညီရန် ဘဏ္ဍာရေးဥပဒေ ချိုးဖောက်ပြီး  သမ္မတ ထရန့်နှင့် ဖောက်ပြန်ခဲ့သည့် အမျိုးသမီးနှစ်ဦးကို နှုတ်ပိတ်ခ ပေးခဲ့ခြင်းကြောင့် ပြီးခဲ့သည့်လ က ထောင်ဒဏ် သုံးနှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

အစိုးရပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကော်မတီက ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျင်းပမည့် ဥပဒေပြုလွှတ်တော်ရှေ့မှောက်၌ လာရောက်သက်သေခံမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ ဒီမိုကရက်တစ် ပါတီဝင်များက ကိုဟန် သက်သေထွက်ဆိုပေးဖို့ တောင်းဆိုခဲ့ကြသည်။

သမ္မတ ထရန့်က  ကိုဟန် ကို ထိုဥပဒေ ချိုးဖောက်ဖို့ညွှန်ကြားခြင်း လုံးဝမရှိခဲ့ကြောင်း ထပ်ကာထပ်ကာ ပြောဆိုခဲ့သော်လည်း တစ်ချိန်က ထရန့်၏ ယုံကြည်စိတ်ချရသော ဥပဒေအကြံပေး ပုဂ္ဂိုလ်ဖြစ်သည့် ကိုဟန်က ဥပဒေ ကို ချိုးဖောက်ပြီး နှုတ်ပိတ်ခပေးခြင်းကို ထရန့်သိရှိသည် ဟု ရုပ်သံမေးမြန်းခန်းတွင် မကြာသေးမီက ပြောကြားခဲ့သည်။

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို