အမျိုးသမီးလိဂ်ပြိုင်ပွဲ ဆက်လက်ကျင်းပ

၁၇ ဇန်နဝါရီ


၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပထမအကျော့နောက်ဆုံးရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် (၇) ကို ဇန်နဝါရီ ၁၅ ရက်မှစ၍ ကျင်းပလျက်ရှိပြီး ဇန်နဝါရီ ၁၇ ရက်ပွဲစဉ်များအပြီးတွင် အား/ကာသိပ္ပံ၊ အား/ကာဦးစီးဌာနနှင့် ဇွဲကပင်အသင်းတို့ ဂိုးပြတ်နိုင်ပွဲများ ရရှိခဲ့သည်။


ပွဲစဉ် (၇) တွင် အား/ကာသိပ္ပံအသင်းက YREO အသင်းကို ကိုးဂိုး-တစ်ဂိုး၊ အား/ကာဦးစီးဌာနအသင်းက တက္ကသိုလ်အသင်းကို လေးဂိုး-ဂိုးမရှိ၊ ဇွဲကပင်အသင်းက ဂန္ဓမာအသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ အား/ကာသိပ္ပံအသင်းသည် ချန်ပီယံမျှော်လင့်ချက်ကို အကောင်အထည်ဖော်နိုင်ရန် ပွဲတိုင်းကို အားကုန်ထုတ်ကစားလျက်ရှိသလို ဂိုးပြတ်နိုင်ပွဲပါ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ အား/ကာသိပ္ပံအသင်းသည် ယခုပွဲအနိုင်ရခဲ့သောကြောင့် ပထမအကျော့အပြီးတွင် တတိယနေရာရရန် သေချာသွားပြီး အမှတ်တူဖြင့် ထိပ်ဆုံးတွင် အပြိုင်ဖြစ်နေသည့် မြဝတီနှင့် သစ္စာအားမာန်အသင်းတို့ အရှုံးအနိုင်ပေါ်ပါက ဂိုးကွာခြားချက်အသာဖြင့် ဒုတိယနေရာကိုပါ ရယူနိုင်မည်ဖြစ်သည်။ နိုင်ပွဲဆက်နေသည့် YREO အသင်းသည် ယခုပွဲတွင် အား/ကာသိပ္ပံကို ယှဉ်ကစားနိုင်ခြင်းမရှိဘဲ ဂိုးပြတ်အရေးနိမ့်ခဲ့သည်။ ပွဲအစ ကိုးမိနစ်တွင် နုနုက အား/ကာသိပ္ပံအတွက် ဂိုးစတင်သွင်းယူပြီး ပထမပိုင်းတွင် ငါးဂိုးပြတ်အနိုင်ရနေသည်။  အား/ကာသိပ္ပံအသင်းအတွက် အနိုင်ဂိုးများကို တိုက်စစ်မှူး ရီရီဦးက ၃၄၊ ၅၅၊ ၆၁၊ ၇၈ မိနစ်တွင် တစ်ဦးတည်းလေးဂိုးသွင်းယူပြီး ကျန်ဂိုးများကို ၄၁၊ ၄၄ မိနစ်တွင် ခင်မာလာထွန်း၊ ၂၃ မိနစ်တွင် မေဖူးကို၊ ၈၇ မိနစ်တွင် နုနုတို့က သွင်းယူသည်။  YREO အသင်းအတွက် ချေပဂိုးတစ်ဂိုးကို မိနစ် ၅၀ တွင် နွယ်နီဝင်းက သွင်းယူသည်။


အား/ကာဦးစီးဌာနအသင်းသည် YREO အသင်းအရှုံးကို အပြည့်အဝအသုံးချပြီး တက္ကသိုလ်ကို ဂိုးပြတ်အနိုင်ရခဲ့သည်။ အား/ကာဦးစီးဌာနအသင်းသည် တက္ကသိုလ်အသင်းကို ခြေအသာဖြင့် ကစားနိုင်ခဲ့ပြီး အနိုင်ဂိုးများကို ၂၂ မိနစ်တွင် ဇင်မိုးထက်၊ ၄၂၊ ၆၅၊ ၈၃ မိနစ်တွင် ကေဇင်မြင့်တို့က သွင်းယူသည်။ ဇွဲကပင်အသင်းမှာလည်း ဂန္ဓမာအသင်းကို အနိုင်ယူပြီး ဒုတိယမြောက်နိုင်ပွဲရရှိခဲ့သည်။ ဇွဲကပင်အသင်းအတွက် အနိုင်ဂိုးများကို ၉ မိနစ်တွင် ဇင်မာထွန်း၊ ၅၈၊ ၆၆ မိနစ်တွင် စန်းသော်သော်တို့က သွင်းယူခဲ့သည်။


ပထမအကျော့နောက်ဆုံးပွဲကို ဇန်နဝါရီ ၁၈ ရက် (ယနေ့) ကျင်းပမည်ဖြစ်ပြီး သစ္စာအားမာန်အသင်းနှင့် မြဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ယင်းပွဲမှာ ရာသီဝက်ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲဖြစ်ပြီး နှစ်သင်းစလုံး ၁၆ မှတ်စီရထားသည်။


သတင်း-ရဲရင့်ရှိုင်း