အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၆) ဇန်နဝါရီ ၈ ရက်နေ့တွင် စတင်ကျင်းပမည်

၇ ဇန်နဝါရီ

 

၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၆) ကို ဇန်နဝါရီ (၈) ရက်မှ (၁၁)ရက်အထိ ကျင်းပမည်ဖြစ်ပြီး ထိပ်ဆုံးနှစ်သင်းဖြစ်သည့် သစ္စာအားမာန်နှင့် မြဝတီတို့ ပွဲချောင်နေကာ အား/ကာမှ တည်ထောင်ထားသည့် အား/ကာသိပ္ပံနှင့် အား/ကာဦးစီးဌာနအသင်းတို့ ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။ 

 

ပွဲစဉ် (၆) အဖြစ် ဇန်နဝါရီ ၈ ရက်တွင် ဇွဲကပင်အသင်းနှင့် YREO အသင်း၊ ဇန်နဝါရီ ၉ ရက်တွင် တက္ကသိုလ်အသင်းနှင့် မြဝတီအသင်း၊ ဇန်နဝါရီ ၁၀ ရက်တွင် သစ္စာအားမာန်အသင်းနှင့် ဂန္ဓမာအသင်း၊ ဇန်နဝါရီ ၁၁ ရက်တွင် အား/ကာဦးစီးဌာနအသင်းနှင့် အား/ကာသိပ္ပံအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။  ပွဲစဉ် (၅) အပြီးတွင် သစ္စာအားမာန်နှင့် မြဝတီအသင်းက ၁၃ မှတ်၊ အား/ကာသိပ္ပံအသင်းက ၁၀ မှတ်၊ အား/ကာဦးစီးဌာနအသင်းက ရှစ်မှတ်၊ YREO အသင်းက ခုနစ်မှတ်၊ ဇွဲကပင်နှင့် ဂန္ဓမာအသင်းက သုံးမှတ်စီရထားပြီး တက္ကသိုလ်အသင်းမှာမူ ငါးပွဲစလုံး ရှုံးနိမ့်ထားသည်။ သစ္စာအားမာန်အသင်းသည် မြဝတီအသင်းထက် ဂိုးကွာခြားချက်အသာရထားသောကြောင့် ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ သစ္စာအားမာန်အသင်းနှင့် မြဝတီအသင်းသည် ယခုတစ်ပတ်တွင် ဇယားအောက်ပိုင်းမှ အသင်းများနှင့် တွေ့ဆုံနေသောကြောင့် အနိုင်ရရန် သေချာသလောက်ရှိနေပြီး ဂိုးအရေအတွက်ကိုသာ ကြည့်ရမည်ဖြစ်သည်။ နှစ်ပွဲဆက်အနိုင်ရထားသည့် YREO အသင်း၏ သုံးပွဲဆက်အနိုင်ရရန် ကြိုးပမ်းမှုကိုလည်း  စောင့်ကြည့်ရမည် ဖြစ်သည်။

 

သတင်း-ရဲရင့်ရှိုင်း