အမျိုးသမီးလိဂ်ပြိုင်ပွဲ ပထမအကျော့နောက်ဆုံးပွဲစဉ် ဇန်နဝါရီ ၁၅ ရက်တွင် စတင်ကျင်းပမည်

၁၄ ဇန်နဝါရီ

 

၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပထမအကျော့ နောက်ဆုံးပွဲစဉ်ဖြစ်သည့် ပွဲစဉ် (၇) ကို ဇန်နဝါရီ ၁၅ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။ 

 

ပွဲစဉ် (၇) အဖြစ် ဇန်နဝါရီ ၁၅ ရက်တွင် YREO အသင်းနှင့် အား/ကာသိပ္ပံအသင်း၊ ဇန်နဝါရီ ၁၆ ရက်တွင် အားကစားနှင့် ကာယပညာဦးစီးဌာနအသင်းနှင့် တက္ကသိုလ်အသင်း၊ ဇန်နဝါရီ ၁၇ ရက်တွင်ဇွဲကပင်အသင်းနှင့် ဂန္ဓမာအသင်း၊ ဇန်နဝါရီ ၁၈ ရက်တွင် သစ္စာအားမာန်အသင်းနှင့် လက်ရှိချန်ပီယံ မြဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ယခုတစ်ပတ်တွင် ထိပ်ဆုံးအသင်းလေးသင်း တွေ့ဆုံနေပြီး ထိပ်ဆုံးတွင် အမှတ်တူဖြင့် အပြိုင်ဖြစ်နေသည့် သစ္စာအားမာန်အသင်းနှင့် မြဝတီအသင်း၊ အဆင့် ၃ နေရာမှ အား/ကာသိပ္ပံအသင်းနှင့် အဆင့် ၄ နေရာမှ YREO အသင်းတို့ တွေ့ဆုံလျက်ရှိသည်။ သစ္စာအားမာန်နှင့် မြဝတီအသင်းတို့ ထိပ်တိုက်တွေ့ဆုံသည့်ပွဲမှာ ရာသီဝက်ချန်ပိယံဆုအတွက် အဆုံးအဖြတ်ဖြစ်နေပြီး အနိုင်ရသည့်အသင်းမှာ ထိပ်ဆုံးနေရာသို့ ရောက်ရှိမည်ဖြစ်သည်။ ဂိုးကွာခြားချက်အသာရထားသည့် သစ္စာအားမာန်အသင်းသည် သရေကျရုံဖြင့် ထိပ်ဆုံးနေရာတွင် ဆက်လက်ရပ်တည်နိုင်မည်ဖြစ်သည်။ သုံးပွဲဆက်အနိုင်ရထားသည့် YREO အသင်းသည် ယခုပွဲအနိုင်ရပါက တတိယနေရာမှ အား/ကာသိပ္ပံအသင်းနှင့် အမှတ်တူရပ်တည်နိုင်မည်ဖြစ်သည်။

 

ပွဲစဉ် (၆) အပြီးတွင် သစ္စာအားမာန်နှင့် မြဝတီအသင်းက ၁၆ မှတ်စီ၊ အား/ကာသိပ္ပံအသင်းက ၁၃ မှတ်၊ YREO အသင်းက ၁၀ မှတ်၊ အား/ကာဦးစီးဌာနအသင်းက ရှစ်မှတ်၊ ဇွဲကပင်နှင့် ဂန္ဓမာအသင်းက သုံးမှတ်စီရထားပြီး တက္ကသိုလ်အသင်းမှာမူ ခြောက်ပွဲစလုံးရှုံးထားသည်။ သစ္စာအားမာန်အသင်းမှာမူ ဂိုးကွာခြားချက်အသာဖြင့် ထိပ်ဆုံးမှ ဆက်လက်ဦးဆောင်လျက်ရှိသည်။

 

သတင်း-ရဲရင့်ရှိုင်း