အင်ဒေါင်းကျေးရွာ လူထုအခြေပြုခရီးသွားလုပ်ငန်း ဖွင့်လှစ်နိုင်ရေး လုပ်ဆောင်လျက်ရှိ

မုံရွာ ၂၂ ဇန်နဝါရီ 


စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် အင်ဒေါင်းကျေးရွာတွင် ကျေးရွာလူထုအခြေပြု ခရီးသွား လုပ်ငန်း ဖွင့်လှစ်နိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးဦးအောင်သူဦး၏ ပြောကြားချက်အရ သိရသည်။


အင်ဒေါင်းကျေးရွာ လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရန်အတွက် အင်ဒေါင်းကျေးရွာ လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ရေး စီမံကိန်းတာဝန်ခံ ဦးမိုးမိုး၏ တင်ပြချက်ကို စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ဇန်နဝါရီ ၉ ရက်တွင် ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


''အင်ဒေါင်းရပ်ရွာ လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်တာက ကျေးရွာမှာရှိတဲ့ ရေလုပ်သားတွေနဲ့ ပူးပေါင်းပြီး လုပ်ကြမယ်ဆိုရင် ရပ်ရွာအတွက်လည်း လိုအပ်တဲ့ဝင်ငွေတွေရမယ်၊ အင်ဒေါင်းကို လာတဲ့နေရာမှာလည်း ရေကြောင်းတစ်ခုတည်း သာမက စစ်ကိုင်းကနေ ခရိုင်ချင်းဆက် ကားလမ်းကနေတစ်ဆင့် လာလို့ရတယ်၊ လာရင်းနဲ့လည်း ဝက်လက်မြို့နယ်ထဲက ရှိန်းမကား ဘေးမဲ့တောကိုလည်း လေ့လာလို့ရမယ်၊ အင်ဒေါင်းမှာရှိတဲ့ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းက ဆောက်လုပ်ထားတဲ့ အိမ်လေးတွေမှာ အခြေပြုပြီး ရပ်ရွာကဒေသ အစားအစာတွေကို စားသုံးရင်းနဲ့ မြစ်အတွင်းက လင်းပိုင်တွေကို ထိုင်ပြီးကြည့်ရှု လေ့လာလို့ရအောင် စီစဉ်ပေးထားတယ်၊ နောက်ပြီး ဟန်လင်းနဲ့ နွယ်ငြိမ်းရပ်ရွာလူထု အခြေပြုခရီး သွားလုပ်ငန်းက တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပြီး ခရီးစဉ်တွေ ဆက်ထွက်မယ်ဆိုရင်လည်း ခရီးစဉ်တွေရှည်လာမယ်၊ တကယ်လာရောက်လေ့လာချင်တဲ့ ဧရာဝတီလင်းပိုင်တွေကိုလည်း စိတ်အေးချမ်းသာစွာနဲ့ လေ့လာနိုင်မယ်၊ ခရီးသွားတွေအတွက်ကလည်း ဧရာဝတီမြစ်ကြောင်းအတိုင်း လာရောက်ရင်ပတ်ဝန်းကျင်ရှုခင်းတွေကို ကြည့်နိုင်သလို ကုန်ကျတဲ့ခရီးစရိတ်လည်း အများကြီးသက်သာတဲ့ နေရာတစ်ခုဖြစ်ပါတယ်'' ဟု စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦးက ပြောသည်။


အင်ဒေါင်းရပ်ရွာ လူထုအခြေပြု ခရီးသွားလုပ်ငန်းကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးညွှန်ကြားမှု ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် အင်ဒေါင်းကျေးရွာ လူထုအခြေပြု ခရီးသွားလုပ်ငန်းကော်မတီနှင့် သားငှက်ထိန်းသိမ်းရေး အဖွဲ့ (WCS) မြန်မာနိုင်ငံတို့ ပူးပေါင်းကာ ဖော်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။


ဝင်းဦး(ဇေယျာတိုင်း)