အင်းတော်မြို့နယ်တွင် (VDP) ဆောင်ရွက်မည့် ကျေးရွာရှစ်ရွာအတွက် စီမံကိန်းရန်ပုံငွေပေးအပ်

အင်းတော်  ၁၂   ဇန်နဝါရီ 

 

ကသာခရိုင် အင်းတော်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာရှစ်ရွာအတွက် စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို ဇန်နဝါရီ ၁၁ ရက်နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

 

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းတို့က အမှာစကားပြောကြားသည်။

 

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းတန်က ရန်ပုံငွေများကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ သုံးစွဲသွားကြရန် မှာကြားပြီး ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတိုးကြည်က ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများက (VDP)အကောင်အထည်ဖော် ဆောင်ရွက်မည့် ဆိပ်သာကျေးရွာ၊ မော်တိတ်ကျေးရွာ၊ ပင်ဝယ်ကျေးရွာ၊ ကမ်းနီကျေးရွာ၊ ညောင်ပင်သာ (စီးမော်)ကျေးရွာ၊ လယ်နောင်ကျေးရွာ၊ ညောင်ပင်သာကျေးရွာ(တံခွန်တိုင်)၊ ညောင်ကုန်းကျေးရွာ၊ စုစုပေါင်းကျေးရွာ ရှစ်ရွာတို့မှ ကော်မတီဝင်များအား တစ်ရွာလျင် ကျပ်သိန်း ၁၀ဝ စီလွှဲပြောင်း ပေးအပ်ခဲ့သည်။

 

အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် (VDP)အကောင်အထည်ဖော် ဆောင်ရွက်မည့်ကျေးရွာ ရှစ်ရွာမှ ကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြောင်း သိရသည်။

 

မင်းမြင့်မိုရ်(ငါန်းဇွန်)